Tuesday, April 26, 2016

ကမ္ဘာကျော်အတွေးအခေါ်ပညာရှင် Confucius

*** ကမ္ဘာကျော်အတွေးအခေါ်ပညာရှင် Confucius ***

တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြုးရှပ်ကို တရုတ်နိုင်ငံ အရှေ့မြောက်ဖက် ရှန်တုန်ပြည်နယ် လူးနိုင်ငံတွင် ဘီစီ-၅၅၁ ခုနှစ်တွင် ဖွားမြင်ခဲ့ပါတယ်။ သူ၏ဖခင်မှာ ခရိုင်တစ်ခုကို အုပ်ချုပ်သော လူကြီးတစ်ဦးဖြစ်ပါတယ်။ ကွန်ဖြုးရှပ်(၃)နှစ်သားအရွယ်တွင် ဖခင်ဆုံးပါးသွားသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်ခဲ့ရပါတယ်။ ကွန်ဖြုးရှပ်သည် ငါးနှစ်သားအရွယ်ကပင် အခြားကလေးများနဲ့မတူဘဲ ညဏ်ပညာ ထက်မြတ်သော ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လူငယ်ဘ၀တွင် အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက်(၂၂) အရွယ်တွင် သူသည်ကျောင်းတစ်ကျောင်းကိုတည်ထောင်ခဲ့ပြီး လူကျင့်ဝတ်တရားများနှင့် တိုင်းပြည်အုပ်ချုပ်မှု သဘောတရား များကို သင်ကြားပေးခဲ့ပါတယ်။

ကွန်ဖြုးရှပ်သည်သူ၏ကျောင်းတွင် ကျောင်းသားအယုတ် အလတ်အမြတ်မရွေး လက်ခံသင်ကြားပေးပြီး အခကြေးငွေ အနည်းအများကိုမကြည့်ပဲ ပညာကို အမှန်တစ်ကယ်လိုချင်တဲ့ လူကိုသင်ကြားပြသပေးပါတယ်။ သူတပည့်များတွင် လူးပြည်နယ်မှနာမည်ကြီး အသိုင်းအ၀ိုင်းများလည်းပါခဲ့တယ်။ ကွန်ဖြုးရှပ် အသက်(၃၄)နှစ်အရွယ်တွင် နန်းစိုက်ရာမြို့ သို့သွားပြီး ရှေ့ဟောင်း စာပေများလေ့လာဆည်းပူးခဲ့ပါတယ်။ ပညာရှာဖွေသင်ယူပြီးအပြန်တွင် တိုင်းပြည်ဆူပှုသဖြင့် အုပ်ချုပ်သူမြို့စားသည် ဆီနယ်သို့ ထွက်ပြေးခဲ့ပြီး သူသည် နေရပ်သို့မပြန်တော့ဘဲ မြို့စားနောက်သို့ လိုက်ပါသွားခဲ့တယ်။ လမ်းခရီးတွင် မိန်းမတစ်ယောက်သည် သချိုင်းတစ်ခုအနီးတွင် ငိုနေသည်ကိုမြင်သဖြင့် ခဏရပ်တန့်ပြီး အကျိုးအကြောင်းမေးမြန်းရာ မိန်းမငယ်သည် ယခုနေရာတွင် သူ၏မိဘ၊ လင်သားနှင့်သားသမီးများ ကျားကိုက်ပြီးသေဆုံးခဲ့သဖြင့် ငိုနေရပါသည်ဟု ပြန်လည်ပြောဆိုသောအခါ “ပညာရှိကြီးက ကျားရဲရန်ရှိသော ယခုနေရာမှ အဘယ်ကြောင့် မစွန့်ခွာသနည်း” ဟုမေးသောအခါ မိန်းမငယ်လေးက “သူသည် ယခုနေရာတွင် နေရသည်မှာ ရက်စက်တတ်သော အစိုးရ မရှိသောကြောင့်  နေရပါသည်” ဟုပြန်လည်ပြောကြားခဲ့ပါတယ်။ ထိုအခါပညာရှိကြီးက သူ၏တပည့်များအား “တပည့်တို့၊ ဆင်ခြင်ကြလော့၊ နှိပ်စက်သောအစိုးရသည် ကျားရဲထက်ပင် ပိုမိုကြောက်လန့်ကြရသည်” ဟု ဆုံးမစကားပြောဆိုခဲ့ပါတယ်။

ကွန်ဖြုးရှပ် အသက်(၅၂) နှစ်အရွယ်တွင် ချွန်တူးမြို့တွင် တရားသူကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရတယ်။သူ၏အုပ်ချုပ်မှု ကောင်းမွန်သဖြင့်ရာဇ၀တ်မှု၊ ဆိုးသွမ်းမှု၊ လိမ်လည်မှုများ ပပျောက်ခဲ့သောကြောင့် ရာဇ၀တ်မှုဆိုင်ရာဝန်ကြီးအဖြစ် ခန့်အပ်ထားခံခဲ့ရပါတယ်။ ထို့နောက် ကွန်ဖြုးရှပ်သည် လူအများ၏ လေးစားမှုကိုရရှိလာခဲ့ပြီး  အိမ်နီးချင်းနယ်များမှ မြို့စားများကမှု ကွန်ဖြုးရှပ်သည် လူတွေအပေါ်မှာ သြဇာလွှမ်းမိုးလာမည်ကို စိုးရိမ်လာခဲ့ကြပါတယ်။ လူးပြည်နယ်နဲ့ အလွန်နီးစပ်သော နယ်မှမြို့စားတစ်ယောက်က အတီး၊ အမှုတ်၊ အက ကျွမ်းကျင်သော မိန်းကလေးများကို လူးမြို့စားဆီသို့ ဆက်သခဲ့ပြီးကွန်ဖြုးရှပ်ကို နယ်နှင်ဒဏ်ပေးရန် ဖြားယောင်းခဲ့ပြီး အကြံအစည် အောင်မြင်သောကြောင့် ကွန်ဖြုးရှပ်သည် လူးပြည်နယ်မှထွက်ခွာခဲ့ရပါတယ်။

ကွန်ဖြုးရှပ်သည် လူးပြည်နယ်မှထွက်ခွာခဲ့ပြီး (၁၃) နှစ်တိုင်အောင် တရုတ်ပြည် နေရာအနှံအပြားသို့ သွားရောက်ခဲ့ပြီး သူ၏ပညာများ ကိုဖြန့်ဝေခဲ့ပါတယ်။ ကွန်ဖြုးရှပ်၏ ဆုံးမသြ၀ါဒများမှာ လူတို့၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက်ဖြစ်ပြီး သာသနာရေး ဆိုင်ရာဟောပြောချက်များမဟုတ်ပေ။ လူတို့အသက်ရှင်နေစဉ် ကာလအတွင်း မည်သို့နေထိုင်ပြုမှုမှ ကောင်းသောနေခြင်း ဖြစ်မည်ကိုဆောင်ပုဒ်များဖြင့် ဆုံးမသွန်သင် ပေးခဲ့ပါတယ်။ ဆရာကြီးသည် အသက်(၇၃)နှစ်အရွယ်တွင် သူကွယ်လွန်ရမည်ကိုသိသောအခါ “တောင်ကြီးသည်ပြိုရမည်၊ သံတိုင်သည်လည်းကျိုးရမည်။ ပညာရှိသည်လည်းသစ်ပင်များကဲ့သို့ ညိုနွမ်းပျက်စီးပျက်စီးရမည်” ဟုသံဝေဂစကားကျုးရင့်သည်ကို သူ၏တပည့်တစ်ယောက်ကမှတ်သားခဲ့ပါတယ်။

ကွန်ဖြုးရှပ်သည် ဘီစီ (၄၇၈) ခုနှစ်တွင်ကွယ်လွန်ခဲ့ပြီး သူ၏ရုပ်အလောင်းကိုချုးဖူးမြို့တွင် ကောင်းမွန်စွာ မြှပ်နှံခဲ့ကြပါတယ်။ ဆရာကြီး၏ဆုံးမစကားများသည် အသက်ရှင်စဉ်ကထက် ကွယ်လွန်တဲ့အချိန်အခါတွင် လိုက်နာကျင့်သုံးသူ ပိုမိုများပြားလာခဲ့ပါတယ်။ တရုတ်လူမျိုးများသည် နှစ်စဉ်ချုးဖူးမြို့ရှိ ဆရာကြီး၏ သင်းချိုင်းဂူသို့ သွားရောက်အရိုအသေပြုကြလျှက်ရှိပါတယ်။
Crd 2 Org

No comments:

Post a Comment