Friday, April 8, 2016

ရက်စက်လိုက်တာမေမေရယ်

ရက်စက်လိုက်တာမေမေရယ်
           (ဖြစ်ရပ်မှန်)
*******************
စာရေးဆရာ-မင်းသွေးငယ် (ရာမညမြေ)

ရက်စက်လိုက်တာမေမေ
သားမှာဘာအပြစ်ရှိလို့လဲ
သားက မေမေ့ ရင်ကဖြစ်တဲ့သွေးနဲ့
အသက် သွင်းထားတဲ့ သားအရင်းပါ

လူ့ဘဝဆိုတာ ရခဲလှတယ်လို့
မေမေ လူမှန်းသိတတ်စက ဖွားဖွားပြောခဲ့တာ
မေမေမှတ်မိသေးရဲ့လား

ဖေဖေ နဲ့မေမေတို့ရဲ့မာန တိုက်ပွဲ
အာဍ္ဎာတ တိုက်ပွဲ အတ္တ တိုက်ပွဲမှာ
သားက ဓါးစားခံလားမေမေ

လူ့ဓန  ဆိုတာ ရှာလို့ရပါတယ်အမေ
လူ့ဘဝ ဆိုတာတော့   ရှားတယ်အမေ

သားရဲ့ကံပေါ့
တစ်ဘဝလုံးကိုပုံအပ်
ယုံမှတ်လို့ ချစ်ကြင်
မေမေ့ဝမ်းထဲတစ်ခါလေးဆိုမှ တစ်ခါတည်း ဝင်ခဲ့မိတာပါမေမေ

မေမေတို့ လူမှုရေး အပူမီးတွေကို
ရင်စီးပြီးခံခဲ့ရတဲ့အမေ့သား
ဘာဆိုဘာမှ နားမလည်ခဲ့ဘူးမေမေ

မေမေရယ် သားဟာ မေမေတို့မိသားစုလေးအတွက်
ဒုက္ခတွေ  မျှဝေရင်း
ဘဝတေးအလှတူညီကုံးရင်း
တစ်ခဏ ဖေးမကူညီရုန်းဖို့ရောက်လာတဲ့သားပါ

မေမေ သားကို အမျိုးမျိုးဖျက်ဆီးဖို့ကြံခဲ့တယ်
မေမေ အကြံစည် အထမမြောက်ခဲ့တော
ငြင်းလွှတ်တဲ့ဆရာဝန်တွေကိုတောင် ဆူအောင့်နေတဲ့ မေမေ
အမေ့သက်ပြင်းရှိုက်သံများ
အမေ့ဗိုက်ထဲက သား
အထင်းသား ကြားခဲ့ရတယ်အမေ

မေမေသားကို ကျောက်ပြင်နဲ့ဖိတယ်
မေမေ သားအပေါ် ပူလောင်ပြင်းပြတဲ့
ငရဲမီးနဲ့တူတဲ့ အပူရည်တွေ လောင်းချတယ်
သား မရမက အံကြိတ်ခံခဲ့တယ်အမေ

ဒါတောင်မေမေက အားမရသေး
သားကို ဖဲထီးသံချွန်နဲ့ထိုးတယ်

ချွန်ထက်တဲ့ကိရိယာတွေနဲ့ခွါချတယ်

ပြွန်တံသေးသေးပါတဲ့
ကိရိယာတစ်မျိုးနဲ့ထပ် စုပ်
သားခန္ဓာ မစုတ်ပြတ်အောင်မနည်း
ရှောင်နေခဲ့ရတာပါအမေ

အမြင်နွမ်း ပင်ပန်းနေတဲ့မေမေ့ကို
သားလေ မကြည့်ရက်နိုင်တော့လို့
ဖြစ်လိုရာဖြစ် ဆိုပြီး
မေမေ့ဝမ်းကြာတိုက် အမြင့်တစ်နေရာမှာ ကပ်နေတဲ့
အမေ့သားကျွန်တော် ခန္ဓာကိုယ်ကို အောက်ကို
လျှောချပေးခဲ့တာ မေမေသိရဲ့လား
မေမေ မီအောင်ပါ

မေမေသားကို ကြိုက်ရာလက်နက်နဲ့
ဖျက်လိုဖျက် ခွဲလိုခွဲ သားခံရဲပါတယ်မေမေ

သားတစ်ခုတော့ပြောပါရစေအမေ
သားကို အမေလိုချင်လို့ပဲ မွေးမွေး
မလိုချင်လို့ တားဆီးခဲ့တဲကြားကပဲ ရလာ ရလာ
တဒင်္ဂ လူ ဖြစ်ခွင့်ပေးခဲ့တဲ့ မေ့မေ့ကို သားထာဝရ ကျေးဇူးတင်နေမှာပါ

တကယ်တော့ သားဟာ
မေမေတို့ဘဝထဲ အတင်းတိုးဝင်ခဲ့တာမဟုတ်ဘူး
တရားခံဘယ်သူလဲမေမေ
မေမေ့ကိုလည်း တရားခံဆိုပြီး သားမစွပ်စွဲရက်ဘူးမေမေ

တကယ်တော့ အမေ့သားကျွန်တော်ဟာ
အမေ့ကို ချစ်တဲ့သားပါ
သားလေ
အမေကျွေးတဲ့အဆိပ်ကိုတောင်
ဆေးအဖြစ်နဲ့ မျိုချရဲသူပါ မေမေ

တကယ်တော့ သားဟာ အမေတို့အတွက်
မိသားစုရဲ့အေးစက်စက်ခန္ဓာအစုံကို အနွေးဓါတ်လေးခြုံ ပေးမယ့် ညာလက်ရုံးတစ်စုံပါမေမေ
လာခြင်းကောင်းတဲ့အမေ့သားလို့
မသိများ မသိခဲ့လေရော့သလားမေမေရယ်

အပြစ်ကျူးလွန်တဲ့ ရာဇဝဋ်သားတွေတောင်
အကျဉ်းထောင်မှာ ပြုပြင်ခွင့်ရပြီး
လူယဉ်ကျေးဖြစ်လာကြသေးတာပါမေမေ

သား ဘာကျူးလွန်မိလို့လဲ
ဘာပဲဖြစ်ဖြစ် ကကလရည်ကြည် ဘဝအဆင့်
လူဖြစ်ခွင့် ပေးခဲ့တဲ့ကျေးဇူးတရားအတွက်
သားလေ ဒီတစ်သက် မမေ့ရက်ပါဘူးအမေ

သားကြောင့် အခု မေမေ ဆေးရုံခုတင်ပေါ် အရေးပေါ်သွေးသွင်းခံနေရပြီ

မေမေက နည်းအမျိုးမျိုးသုံးတော့
ရှောင်လို့မရတဲ့အဆုံးပြုံးပြုံးလေးနဲ့ အသေခံခဲ့တဲ့အမေ့သားကျွန်တော်လေ

စုတ်ပြတ်သတ်အောင် တစစီဖြစ်နေတဲ့
အသည်း နှလုံး ကျောက်ကပ် အရိုးစိုင်တွေကြား
အမေ့ကို လွမ်းတဲ့အားနဲ့ ကြည့်နေနိုင်သေးတယ်အမေ

ကံဇာတ်ဆရာကို သားမုန်းတယ်မေမေ
ဆင်းရဲမွဲတေတဲ့ မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ကလေး
လူယဉ်ကျေး မဖြစ်နိုင်ဘူးလို့ဘယ်သူပြောလဲ

လူလိမ္မာပညာတတ်  မြင့်မြတ်တဲ့ရဟန်း
အစွမ်းအစရှိတဲ့ ခေါင်းဆောင် ထွန်းပြောင်တဲ့သမ္မတမဖြစ်နိုင်ဘူးလို့
ဘယ်သူပြောလဲ
 
ဒါပေမယ့်မေမေရယ်
ခုလေ သားကို သူတို့ တွန်းလှဲပေါ်တင်တော့မယ်
ဖြူဖွေးဖွေး အေးစက်စက်လက်ကြီးတွေက
သားကို အိတ်အနက်ကြီးတွေနဲ့ထုတ်တော့မယ်
သားကို အစအနမကျန်အောင် ဖျက်ဆီးပစ်တော့မယ်
သားကြောက်တယ်မေမေ

ဒါပေမယ့် တလိမ့်လိမ့်တက်လာတဲ့ သားကြောက်စိတ်တွေကို
ပုံမှန်ပြန်ဖြစ်လာတဲ့ မေမေ့အသက်ရှူနှုန်း
နှလုံးခုန်နှုန်းလှိုင်းအလျားတွေနဲ့
ခုန်ခုန်အုပ်ပစ်လိုက်တယ်
ဘာတတ်နိုင်သေးလဲ
အမေ မသေနိုင်တော့ဘူး
သားအရမ့်း ဝမ်းသာမိတယ်အမေ

ကျန်းမာအောင်နေပါမေမေ
မေမေ အားငယ်တဲ့အခါ နွမ်းလျ ပန်းကျ နေတဲ့အခါ
သားမေမေ့အနား တစ်ဖဝါးမခွာ ရှိနေပေးပါ့မယ်
တဒင်္ဂ ခဏလူဖြစ်ခွင့်ပေးခဲ့တဲ့
သားရဲ့ မေမေ

အသက် ရာကျော်ရှည်ပါစေ

မေမေ မြန်မြန် နေကောင်းပါစေ
*****************************
မိမိရင်မှဖြစ်သည့် မိမိသွေး မိမိရင်သွေးကို
တာဝန်သိမှု တာဝန်ရှိမှု  ဖြင့် တာဝန်ယူနိုင်ကြစေရန်
ဆေးရုံပေါ်တွင်မကြာခဏ ကြုံတွေ့ရသည့်
ဤ  ဖြစ်ရပ်မှန်အသိပေးရသ စာတမ်းငယ်ဖြင့် သတိပေးအပ်ပါသည် ။

ဤစာလေးကို Share ခြင်းဖြင့်
ခက်ရာခက်ဆစ် လူဖြစ်မည့် ရှားပါးအသက်တစ်ချောင်း
လူသားချင်းစာနာစိတ်ဖြင့်
စုပေါင်းကယ်တင်နိုင်ကြပါစေ

အပြစ်မဲ့ရင်သွေးဘဝ ဘေးကင်း
သာယာလှပနိုင်ပါစေ

မိမိရင်သွေးကို မိမိကိုယ်တိုင်ရက်ရက်စက်စက် သတ်ပစ်ရက်သည့် လူသတ်တရားခံမိဘအဖြစ်မှ
ကင်းဝင်းနိုင်ကြပါစေ

လူတိုင်း မိမိလူသားဝန်းကျင်ကိုမြှင့်တင်ရင်း
နှလုံးလှပ မွှေးပျံ့နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
(ရက်စက်တတ်သည့် မိခင်ဖခင်များသို့)
**********************

Crd 2 Org

No comments:

Post a Comment