*** နိုင်ငံကျော် ဂီတစာဆို မြို့မငြိမ်း ***
မြို့မငြိမ်းသည် မြန်မာ့တေးဂီတသမိုင်းတွင် နှစ်ကာလရှည်လျားစွာ တည်တံ့ကျန်ရစ်စေမည့် အစွမ်းသတ္တိများ ရှိသော မြန်မာသီချင်း (Modern classicisms) များကို သီကုံးရေးဖွဲ့သွားခဲ့သည့် အနုပညာပါရမီထူးသူ သီချင်းရေးဆရာ တစ်ဦးဖြစ်ပါတယ်။ သူသည် ဂီတကိုဝါသနာပါသည့်အပြင် ပန်းချီပန်းပုပညာရပ်များကိုလည်း တတ်မြောက်ခဲ့တယ်။ မြို့မငြိမ်းအား ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ (၂၅) ရက်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့ပြီး ပန်းယွန်းကုန်သည် တစ်ဦးဖြစ်တဲ့ ဦးညီ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်ရှိသည့်အနက် သားကြီးတစ်ယောက်ဖြစ်ပါတယ်။ မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်ပါတယ်။
ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့်ဂီတကို ၀ါသနာ ပါခဲ့ပြီး စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်းဦးမောင်မောင်ကြီး တို့ထံမှ ဆည်းပူး သင်ယူခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မ တူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့တယ်။ ဦးကျော်ငြိမ်းသည် မြို့မအဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာတီးနည်းနှင့် တူရိယာသင်္ကေတပညာတို့ကို သင်ယူခဲ့ပါတယ်။ (၁၉၃၁) မှစပြီး သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆိုအမည်ကို ခံယူခဲ့ပါတယ်။
မြို့မငြိမ်းသည် (၁၉၂၅) ခုနှစ်တွင် သူနှင့် ဂီတဝါသနာတူ အပေါင်းအသင်းများဖြင့် မြို့မ တူရိယာအသင်းအား ဖွဲ့စည်းခဲ့ပြီး (၁၉၂၈) ခုနှစ်တွင် ၎င်းအသင်းကြီး၏ ဂီတအခြေပြု ရည်ရွယ်ချက် များဖြစ်သော မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး အစရှိသည့် အချက်များဖြင့် တိုးချဲ့ခဲ့တယ်။ မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် တွေ့ရပါတယ်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန”နှင့် သင်္ကြန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ တူပို့တူပို့ သီချင်းတို့ပဲဖြစ်ပါတယ်။
မြို့မငြိမ်း သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက်၊ တစ်ချစ်တည်း ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများပဲဖြစ်ပါတယ်။ မြို့မငြိမ်း သီချင်းစတင်ရေးသားချိန်တွင် အနောက်တိုင်း တေးသွားများကို ပုံတူကုးပြီး မြန်မာစကားလုံးများ အစားသွင်းပြီး စပ်ဆိုသောအလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်ပါတယ်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်းဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်းမပြုဘဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင်တေးသွားများ ရေးစပ်ခဲ့ပါတယ်။
မြို့မငြိမ်းသည် သီချင်း၊ ဂီတဘက်တွင်သာ ၀ါသနာပါသည်မဟုတ်ဘဲ ပန်းချီပန်းပု ပညာရပ်များတွင် လည်း ၀ါသနာပါခဲ့တယ်။ ရှေးသီချင်းကြီးများကို မူလပုံစံအတိုင်းသတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်လည်းကောင်း၊ မန္တလေး ရုပ်ရှင်ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။ မြို့မငြိမ်း အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်းဆိုသူနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။
မြို့မငြိမ်းသည် မန္တလေးမြို့၊ ခရစ်နှစ် ၁၉၅၅ ခုနှစ် ၊ စက်တင်ဘာလ (၁၅) ရက်၊ မနက်ပိုင်းတွင် စိန်ပန်းလမ်းမပေါ်မှာ မော်တော်ကားတိုက်ခံရပြီး ကွယ်လွန်ခဲ့သည်။ မြန်မာသီချင်း (Modern classicisms) များကို သီကုံးရေးဖွဲ့သွားခဲ့သည့် မြို့မငြိမ်းကား အသေစော သွားသဖြင့် နှမြောထိုက်သည့် မြန်မာ့သားကောင်းတစ်ဦးဖြစ်တယ်။ ဆရာငြိမ်းသည် အနုပညာပါရမီထူးသူဖြစ်သည့်အပြင် အရင်းရှင်စနစ်အတွက် ဆရာငြိမ်းလို အသက်ငယ်ရွယ်သေးသူကို စတေးမပေးလိုက်ရပါက ဆရာငြိမ်းသည် ယခုအချိန်တွင် သူရည်မှန်းတမ်းတသည့် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတနှင့် ရင်ပေါင်တန်းနိုင်ရေးကို ဆက်လက်ကြိုးပမ်းနေဦးမည်မှာ ဧကန်မုချသေချာပါတယ်။
Crd 2 Org
No comments:
Post a Comment