Tuesday, April 26, 2016

ကမ္ဘာ့ကျော် အတွေးအခေါ်ပညာရှင် ပလေတို

*** ကမ္ဘာ့ကျော် အတွေးအခေါ်ပညာရှင် ပလေတို ***

ပလေတိုအား အဖအရစ္စတန် နှင့် အမိပယ်ရစ်တီအွန်းတို့က ခရစ်နှစ်မပေါ်မီ ဘီစီ (၄၂၇ ) ခုနှစ်ခန့်က ဂရိနိုင်ငံ အေသင်မြို့တွင် ဖွားမြင်ခဲ့တယ်။ တစ်ချို့ကလည်း အေဂျီးနားကျွန်းတွင် ဖွားမြင်သည်ဟု ဆိုကြပါတယ်။ သူ၏ အမည်ရင်းမှာ အယ်ရစ္စတိုကလီး ဖြစ်တယ်။ ပလေတိုဟူသောအမည်မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေများက ကျီစယ်ခေါ်ရာမှ အမည်တွင် ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအမည်ကို ဂရိဘာသာစကားဖြစ်၍ ကျယ်ပြန့်သောပခုံးဟု အနက်ရသည်။ မိဖမျိုးရိုးသည် ကောင်းမျိုးဖြစ်သည့် အပြင်၊ ဂရိသမိုင်းတွင် အလွန်ထင်ရှားသော နိုင်ငံပြုသုခမိန်တစ်ဦးဖြစ်သည့် ဆိုလွန်၏ အဆက်အနွယ်ဖြစ်သည်။ ပလေတိုသည် ဂရိတို့၏ သင်ရိုးသင်စဉ် ပညာရပ်အဖုံဖုံတို့ကို လေ့လာသင်ကြားပြီးနောက်၊ အသက် (၂၀) အရွယ်တွင် ဂရိပညာရှင်ကြီး ဆိုကရေးတီး၏ တပည့်အဖြစ် ခံယူခဲ့ရာ၊ ဆိုကရေးတီး၏ တပည့်ရင်းကြီး ဖြစ်လာသည်။

ဘီစီ (၃၉၉) ခုနှစ်တွင် ဆိုကရေးတီး သေဒဏ် အပေးခံရသောအခါ ပလေတိုသည် အလွန်စိတ်နာကြည်းလှ သဖြင့် အေသင်မြို့တော်မှ ထွက်ခွာခဲ့ကာ စစ္စလီကျွန်း၊ အီတလီနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အာဖရိက တိုက် မြောက်ပိုင်းဒေသများ၌ (၁၂) နှစ်လုံးလုံး ခရီးလှည့်လည်သွားလာလျက် ပညာဗဟုသုတ ရှာမှီးနေခဲ့လေတယ်။ ယင်းသို့ လှည့်လည်သွားလာနေစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်၏ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်၏ ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်းခံရရှာပါတယ်။ သို့သော် ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေတိုအား ကျွန်ဘဝမှကယ်တင်သဖြင့် ဘီစီ (၃၈၇) ခုနှစ်တွင် အက်သင်းမြို့တော် သို့ ပြန်လည်ရောက်ရှိခဲ့တယ်။ အေသင်မြို့တော်သို့ ပြန်ရောက်သောအခါ ပလေတိုသည် အကယ်ဒမီဟုခေါ်သော ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူ၏ တပည့်များဖြစ်သော အက်သင်းမြို့သားလူငယ်များအား မိမိလေ့လာမှတ်သားခဲ့သည့် ပညာဗဟုသုတများကို သင်ကြား ပို့ချနေထိုင်ခဲ့ပါတယ်။

အသက် (၈၀) အရွယ်တွင် အနိစ္စရောက်သွားလေသည်။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်သည် ဂရိနိုင်ငံ၏ ပညာရှာမှီးရာ ဗဟိုဌာနတစ်ခုဖြစ်လာခဲ့သည်သာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပလေတို၏ စာပေလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်သွားခြင်း မရှိသော်လည်း၊ တွေ့ရှိသမျှ လက်ရာများသည် သူ၏လက်ရာ အစစ်ဟုတ်၊မဟုတ်ကိုကား သံသယဖြစ်နေကြပါတယ်။

သူရေးသားထားသော စာပေများမှာ များသောအားဖြင့် စုံတွဲအပြန်အလှန် စကားပြောဆိုပုံမျိုး ဖြစ်ပါတယ်။ ဆရာဖြစ်သူ ဆိုကရေးတီး နှင့်ယထာဘူတ ပညာဆိုင်ရာ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် ရေးသားကာ၊ မိမိ၏ ယထာဘူတ ပညာဆိုင်ရာ သဘောတရားများကိုလည်း ဆိုကရေးတီး၏နှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခဲ့ပါတယ်။ စုံတွဲ အပြန်အလှန် စကားပြောဆို ပုံဖြင့် ရေးသားထားသော သူ၏ လက်ရာများအနက် “ ဆင်ပိုဆီယမ် ” (အချစ်အကြောင်း)၊ “ ဖေဒိုး ” (ပျက်စီးခြင်းမရှိသော ဝိညာဉ်)၊ “ ရီပတ်ဗလစ် ” (စံပြနိုင်ငံ)၊ “ သေးတီးတပ်” (ပညာဗဟုသုတ)၊ “ တီးမေးအပ် ” (ရုပ်လောက သဘာဝ) စသော စာအုပ်များမှာ အထင်ရှားဆုံးဖြစ်ပါတယ်။ “ ရီပတ်ဗလစ် ” တွင် ပလေတိုသည် စံပြနိုင်ငံဖြစ်ပေါ်လာစေရန် မည်သို့ဆောင်ရွက်ရမည်ကို စကားအခြေအတင်ပြောဟန်ဖြင့် ရေးသားထားခဲ့တယ်။ နိုင်ငံတစ်နိုင်ငံ၏ ရည်ရွယ်ချက်ပန်းတိုင်သည် တိုင်းသူပြည်သားတို့အား စိတ်ပျော်ရွှင် ချမ်းမြေ့ရေးအတွက် အကျင့်စာရိတ္တကြံ့ခိုင်၍ တည်ကြည် ဖြောင့်မတ်အောင် လေ့ကျင့်ပေး ရန် ဖြစ်ရမည်ဟု ပလေးတိုက ယုံကြည်ခဲ့ပါတယ်။

သူရည်မှန်းသော စံပြနိုင်ငံမျိုးသည် ဖောက်ပြန်လျက်ရှိသော ကမ္ဘာလောကကြီးတွင် တည်ထောင်၍ မဖြစ်နိုင်ဟူသော အချက်ကိုမူ ပလေတိုသိသည်။ သို့သော်လည်း လူတို့က ရရှိအောင်ကြိုးပမ်းသင့်သည့် ရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ထားခဲ့တယ်။ စံပြနိုင်ငံတွင် လူတိုင်းသည် မိမိနှင့်အသင့်လျော်သော အလုပ်အကိုင်မျိုးကို သာ ပြုလုပ်သင့်ကြောင်း၊ ယင်းနိုင်ငံ အတွင်း နေထိုင်ကြသော ပြည်သူပြည်သားများ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစား၊ စစ်ဘက်ဆိုင်ရာ လူတန်းစားနှင့် ကုန်စည်ထုတ်လုပ်သမား လူတန်းစားဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသင့်ကြောင်း၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစားသည် ဉာဏ်အမြော်အမြင် ရှိသင့်ခဲ့ပြီး စစ်သားများသည် ရဲစွမ်းသတ္တိရှိကာ၊ အလုပ်သမားများသည် စည်းကမ်းသေဝပ်မှုရှိသင့်ကြောင်း စသည်ဖြင့် ပလေတိုက ပြဆိုထားခဲ့ပါတယ်။

ပလေတို၏ ယထာဘူတပညာဆိုင်ရာ အယူအဆများသည် ဂရိယထာဘူတပညာရှင်ကြီးများ၏ အတွေးအခေါ်များအနက် ဂရိအဆန်ဆုံးသော အတွေးအခေါ်များ ဖြစ်ပါတယ်။ ပလေတို ထုတ်ဖော်ရေးသားခဲ့သောပလေတို၏ကြံဆချက်၊ တွေးခေါ်ချက်များကို နှစ်သက်သော အတွေးအခေါ်သမားများနှင့် စာပေပညာရှင်များ အတော် များများ ပေါ်ပေါက်ခဲ့တယ်။ ယင်းတို့အနက် အယ်ရစ္စတိုတယ်သည် ထင်ရှားခဲ့တယ်။ ရှေးခေတ်တွင် ပေါ်ပေါက်ခဲ့သောပညာရှင်များအနက် ဂရိလူမျိုး ပလေတိုသည် အထင်ရှား၊ အကျော်စောဆုံးသော ပညာရှင်ကြီးတဦးဖြစ်ပါတယ်။
Crd 2 Org

No comments:

Post a Comment