Sunday, December 27, 2015

တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း သတိရမိပါတယ်

တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း သတိရမိပါတယ်။

ကျွန်တော်တို့ တက္ကသိုလ်ကို မိန်းကလေးတွေ ပထမဆုံးရောက်လာတဲ့နှစ်ရဲ့  Fresher welcome မှာ သူမကို ပထမဆုံး အကြိမ် စတွေ့ဖူးခဲ့တာပေါ့။ အဲ့ဒီံ့နေ့က ကျောပိုးအိတ် မဲပြာရောင်လေးနဲ့ အဝါရောင် ခြင်းတောင်းအသေးလေးကို ကိုင်ထားတဲ့ သူမ ပုံစံကို ယနေ့ထိ မှတ်မိနေဆဲ။ ၈ နှစ်လောက်ကြာခဲ့ပြီဆိုပေမယ့် ပြန်စဉ်းစားရင် မနေ့တစ်နေ့က အတိုင်းလိုပါပဲ။

NA မေဂျာလည်းတူ၊ အရပ်အမောင်းချင်းကလည်း ကွက်တိလောက် တူနေတဲ့ အဲ့ဒီ့ ဂျူနီယာ ညီမလေးက ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် မြင်မြင်ချင်း အသက် ရှုရပ်အောင် တကယ်ရင်ခုန်စေခဲ့တာပေါ့။ သူမတို့ သူငယ်ချင်း ၃ ယောက်အဖွဲ့ထဲက ကောင်မလေးတစ်ယောက်က ကျွန်တော့် ငယ်သူငယ်ချင်းဘော်ဒါတစ်ကောင်ရဲ့ ညီမ ဖြစ်နေတော့ ချဉ်းကပ်ဖို့ အခွင့်အရေးလေးတစ်ခု ရခဲ့တာပေါ့။ ဒီလိုနဲ့ကျွန်တော်ဟာ သူမနားကို အကြောင်းပြချက်ကောင်းကောင်းနဲ့ ကပ်ခွင့်ရခဲ့တယ်။

သူမကို မုန့်ဝယ်ကြွေးချင်လို့ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးဖူးတယ်။
သူမရဲ့ ဓါတ်ပုံအယ်လ်ဘမ်ထဲက ပုံလေးနှစ်ပုံ မသိအောင် ခိုးခဲ့ဖူးတယ်။
အဲ့ပုံလေး ၂ ပုံကို ဓါတ်ပုံဆိုင်မှာ သွားအပ်ရင်း ဓါတ်ပုံမိတ္တူ ဆွဲပြီး သိမ်းထားခဲ့ဖူးတယ်။
သူမရှေ့မှာဆို အအေးသောက်ရင်တောင် အအေးပိုက်ကို ကိုက်ရင်း မော့သောက်မိဖူးတယ်။
ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံး Masterpiece လို့ပြောလို့ရတဲ့ သူမရဲ့ ပုံတူ Sketch ကို ရေးဆွဲခဲ့ဖူးတယ်။

ကျောင်းပြေးပြီး ဂိမ်းမဆော့ဖြစ်တဲ့နေ့၊ ချိန်းပွဲခုတ်စရာ မရှိတဲ့နေ့ဆို၊ Therater 1 ကနေ အဝါဆောင် အပေါ်ထပ်အထိ ခြေလျှင်တစ်ခေါက်တော့ သွားတယ်။ အခန်းအနောက်တံခါးကနေ သူမတို့ သူငယ်ချင်း ၃ ယောက် ထိုင်လေ့ရှိတဲ့ အလယ်တန်းလောက်ကို အမြဲသွားသွားချောင်းဖြစ်တယ်။ တစ်ခါတစ်လေ ကျွန်တော်ချောင်းတာတွေ့သွားရင် သူမက အပြင်ထွက်လာပြီး စကားလာပြောလေ့ရှိတယ်။ ကျွန်တော်ချောင်းတာကို မတွေ့တာတော့ များပါတယ်။

သူမအတွက် ယုံကြည်ရတဲ့ အစ်ကိုတစ်ယောက်လို ဖြစ်နေခဲ့တဲ့ ကျွန်တော်က အနားမှာ တိတ်တိတ်ကလေး နေခွင့်ရရုံထက် မပိုခဲ့ဘူးလေ။ ၁၇ နှစ်သားလေး တစ်ယောက်အတွက် ကိုယ်တန်ဖိုးထားရတဲ့ ၁၆ နှစ် မိန်းကလေးတစ်ယောက်ကို ချစ်ကြောင်းဖွင့်ပြောဖို့ဆိုတာ တော်တော်ကြီးလေးတဲ့ တာဝန်ကြီးတစ်ခုဖြစ်နေခဲ့တယ်။ သူမကို တန်ဖိုးမထားဘူးလို့ အထင်မခံရအောင် သူ ၁၈ နှစ်ပြည့်ရင်တော့ ဖွင့်ပြောမယ်ဆိုပြီး အားတင်းပြီး မြိုသိပ်ခဲ့မိတယ်။ ကျွန်တော် တော်တော်တုံးတာဗျ။ အခုခေတ် ၆ တန်း၊ ၇ တန်းလောက် ကလေးတွေ ရည်းစားထားနေတာတွေကို တွေ့တိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။

မွေးလလည်းတူ၊ မွေးရက် လည်းတူတဲ့ သူမက စကားပြောရင် သမီးတွေရော၊ ညီမတွေရော ကြုံသလိုပြောတဲံ စတိုင်လေးနဲ့ ချစ်ဖို့ကောင်းနေခဲ့တယ်လေ။ မန္တလေးသူဆိုရင် "ကျွန်တော်" လို့သုံးမယ် ထင်ခဲ့တာ။ သူမကို တော်တော်ထူးဆန်းတဲ့ ကောင်မလေးပါလားလို့ အံ့သြမိဖူးတယ်။ စကားမစပ် သူမက မျက်ခုံးမွှေး တော်တော်လှတာဗျ။

သူမ ထိပ်ဆုံးနာမည်တစ်လုံးကို "ကြီး" လို့ ပေါင်းထည့်ပြီး Nickname ပေးပြီး ခေါ်ခဲ့တယ်။ သူကတော့ ကြိုက်ပုံမရပေမယ့် မကြိုက်ဘူးလို့တော့ မပြောရှာပါဘူး။ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး သူ့နာမည်ကို ဖျက်သလိုများဖြစ်ခဲ့သလားတော့မသိဘူး။ တကယ်တော့ ပိုရင်းနီးချင်လို့ သက်သက်ခေါ်ခဲ့တာပါ။ ဒီအချိန်မှာတော့ သူမကို ဒီလို နားထောင်ရဆိုးတဲ့ နာမည်ကို ခေါ်ခဲ့တဲ့ သူတစ်ယောက်ရှိခဲ့တာကို တစ်ခါတစ်လေ သတိများရပေးနိုင်မလား မသိဘူး။

ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိခဲ့တယ်။ သူမကို တစ်ရက် ကျွန်တော်ကိုယ်တိုင် လက်သည်းဆိုးပေးနိုင်ရမယ်။ သူမ နဲ့ စာပေလောကမှာ စာအုပ်တူတူ သွားဝယ်နိုင်ရမယ်။ သူမနဲ့ လမ်းဘေးအုတ်ခုံမှာ ထိုင်ရင်း လမင်းကြီးကို တူတူ မော့ကြည့်နိုင်ရမယ်။ Gtalk ထဲမှာ သူမနဲ့ ၁ နာရီလောက် စကားတွေ ထိုင်ပြောနိုင်ရမယ်။ သူမ အသိထဲမှာ ကျွန်တော်က သူလိုချင်သမျှ ပူဆာလို့ ရတဲ့သူတစ်ယောက်လို့ သတ်မှတ်တာ ခံနိုင်ရမယ်။ ပိုက်ကြယ် အပွင့် ၁၅ဝဝ ခေါက်ပြီး ပေးတာကို သူလက်ခံတဲ့နေ့ ရောက်ရမယ်။ သူ မှတ်ချက်မပေးခဲ့တဲ့ ဂိမ်းနဲ့ပတ်သတ်ပြီး သူလေးစားလို့ရတဲ့သူတစ်ယောက် ဖြစ်ရမယ်။ သူမ မကြိုက်တဲ့ ခရမ်းချဉ်သီး ကို ငုံးဥနဲ့ တစ်ခါမက လဲစားခွင့်ရတဲ့သူ ဖြစ်နိုင်ရမယ်။ ဘိုကလေးဈေး Moon Bakery ရဲ့ နံရံမှာ သူမ မသိအောင် ခိုးပြီးရေးခဲ့တဲ့ စာတမ်းလေးတစ်ကြောင်းကို တစ်နေ့မှာ သူ့ကိုပြန်ခေါ်သွားပြီး ပြနိုင်ရမယ်။ ကျွန်တော် သူမကို ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ သူမမျက်နှာကို ကြည့်ရင်း ပြောခွင့်ရနိုင်ရမယ်။ များစွာသော အိပ်မက်တွေ ရှိခဲ့တယ်။ သင်လည်း အိပ်မက် ဆိုတဲ့ အသုံးအနှုန်းကို ဘယ်တော့မှ မသုံးမိပါစေနဲ့။ အားလုံးဟာ အိပ်မက်အတိုင်း အဆုံးသတ်သွားနိုင်တယ်ဆိုတာကို ကိုယ်တွေ့ သိလိုက်ရလို့ပေါ့ဗျာ။

သူမရဲ့ အမေနာမည်၊ အဖေနာမည်၊ မန္တလေးက အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ သူမနဲ့တွေ့တဲ့အချိန်တိုင်းနဲ့ သူမပြောစကားတိုင်းကို မှတ်တမ်းတင်ထားခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေး တစ်အုပ်ရှိခဲ့ဖူးတယ်။ ခိုးထားတဲ့ ဓါတ်ပုံလေးတွေ ညှပ်ပြီး သိမ်းထားတဲ့ စာအုပ်လေးဆိုလည်း မမှားဘူးပေါ့။ တကယ်တော့ သူမကို နောင် ၂ နှစ်နေလို့ ဖွင့်ပြောတဲ့အခါကြရင် ဒီစာအုပ်လေးကိုပြမယ်။ နင်အစအဆုံး ဖတ်ကြည့်ပြီးမှ ငါ့ကို ဆုံးဖြတ်ပေးပါလို့ ပြောမယ်။ ဒါပေမယ့်လည်း ... အဲ့ဒီ့ စာအုပ်လေး ကျွန်တော့် မိုက်မဲမှုကြောင့် အခု မရှိတော့ပါဘူး။ ထုံတဲ့ ကျွန်တော် အကုန်အလွတ်မမှတ်မိတော့တဲ့အတွက် အခုထိ နောင်တရမိနေတုန်းပဲ။

သူမက စာဖတ်အရမ်းဝါသနာပါတာဗျ။ စာရေးဆရာ အဖိုးကို ပိုင်ထားတဲ့ ကျွန်တော့်အတွက်တော့ စာအုပ်စာပေကောင်းတွေက တကူးတက ဝယ်စရာမလိုပဲ သူမဖတ်ဖို့ အမြဲငှားဖို့ အသင့်ရှိခဲ့တာပေါ့။ First Semester အပြီး စာမေးပွဲရက်လည်းဖြစ်၊ သူမ မွေးနေ့လည်းဖြစ်တဲ့တစ်ရက်မှာ သူဖတ်ချင်တယ်လို့ ပြောဖူးတဲ့ စာအုပ် ၃ အုပ်ကို မွေးနေ့လက်ဆောင်ပေးခဲ့ဖူးတယ်။ Second Semester ပြီးတော့လည်း ဒီလိုပဲ သူမကို စာအုပ်လက်ဆောင် ဝယ်ပေးဖို့မုန့်ဖိုး ဆုခဲ့တယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ၅၅ဝဝ ပေးရတဲ့ ဒေးလ်ကာနက်ဂျီရဲ့ စာအုပ်ဟာ ကျွန်တော့်အတွက်တော့ ဈေးကြီးလို့ တော်တော်ကြိုးစားပြီးမှ ဝယ်နိုင်ခဲ့တဲ့ စာအုပ်ပေါ့ဗျာ။

ဒါပေမယ့် အဲ့စာအုပ်လေး လက်ဆောင်ပေးဖို့ တွေ့ဖို့သွားတဲ့နေ့မှာပဲ.. ကျွန်တော့်ကို အပြတ်ပြောသွားခဲ့တာပေါ့။ နောက်ဆို သူ့နားဘယ်တော့မှ မလာပါနဲ့တဲ့။ " .... ကြီး" လို့လဲ မခေါ်ပါနဲ့တဲ့။ မသိသလိုပဲနေပါတဲ့လေ။ ဘေးမှာလည်း သူ့သူငယ်ချင်းလို့ပြောတဲ့ ကောင်လေးလည်း ပါခဲ့တယ်လေ။ စာအုပ်လေးကိုလည်း မယူသွားခဲ့ပါဘူး။

ကျွန်တော်က တော်တော်အကျင့်မကောင်းတဲ့ကောင်ဗျ။ သူက မသိသလိုနေပေးဖို့ ပြောခဲ့ပေမယ့် သူ့ကို အရင်လို ချောင်းမိတုန်းပဲ။ သူ့ကောင်လေးကို သတ်ချင်လောက်အောင် ပေါက်ကွဲတဲ့ အချိန်တော့ရှိတယ်။ သူတို့ နှစ်ယောက် ကန်တင်းသွားရင် သူမပဲ ထီးကိုင်ရတာ။ တော်တော် ရက်စက်တဲ့ကောင်လေးပဲ။ တိုက်ဆိုင်တာပဲလားတော့ မပြောတတ်ဘူး။ ၁ဝ ခါမှ ၉ ခေါက်လောက်က သူမကပဲ လိုက်ဆောင်း ပေးနေရသလိုပဲ။ အရှုံးသမားတစ်ယောက်ရဲ့ ဒေါသဆိုတာ အတော်ရယ်ဖို့ ကောင်းသား။

ဒါပေမယ့် ကျွန်တော်က လူလည်ပါဗျ။ ကျွန်တော် အဲ့အချိန်တုန်းက စပ်ခဲ့တဲ့ သီချင်း ၁၆ ပုဒ်စလုံးကို ရေးထားတဲ့ ဗလာစာအုပ်လေး တစ်အုပ်ရှိတယ်။ ကျွန်တော်က တုံးလွန်းလို့ သီချင်းခေါင်းစဉ်တွေ မပေးတတ်ဘူးလို့။ သူမလက်ထဲကို အဲ့ဒီ့ စာအုပ်အတင်းထိုးပေးပြီး ခေါင်းစဉ်းလေးတွေ စဉ်းစားပေးပါလို့ ခွင့်တောင်းပေးခဲ့ဖူးတယ်။ သူမရဲ့ လက်ရေးလေးတွေက အခုထိ ကျွန်တော် သီချင်းစာအုပ်လေးတွေထဲမှာ ရှိနေသေးတယ်လေ။ ကျွန်တော် လည်လို့ပေါ့။ သူမခေါင်းစဉ်ရွေးပေးခဲ့တဲ့ သီချင်းတွေထဲက "အဝေးကချစ်သူ" ဆိုတဲ့ တစ်ပုဒ်က သူ့ကို ရည်စူးပြီး စပ်ထားတာကိုတော့ သိခဲ့မယ် မထင်ဘူး။ မသိလည်း ကိစ္စ မရှိပါဘူး။ တစ်နေ့နေ့ ဖွင့်ပြောတဲ့အချိန်ကြရင် သူမရှေ့မှာ ထိုင်ရင်း ဂစ်တာလေးတီးပြီး ဆိုပြမယ့် သီချင်းပဲလို့ မှတ်ထားခဲ့တာကိုး။ သူမက မျှော်လင့်ချက်တွေ အဆုံးသတ်ပေးခဲ့တော့ ကျွန်တော့် သီချင်းစာအုပ်လေးထဲမှာ ကိုယ်တိုင်ရေး သီချင်း ၁၆ ပုဒ်နဲ့ ရပ်တန့်သွားခဲ့တာ ယနေ့ထိပဲ။ ယနေ့ထိ ဂစ်တာတီးလို့  အဲ့ဒီ့သီချင်းကို ရောက်သွားတိုင်း ဝမ်းနည်း မိတုန်းပဲ။

သူမကို Friend Request ပို့ထားခဲ့တာ ၄ နှစ်လောက်ရှိပြီ။ အခုထိ လက်မခံသေးဘူး။ မသိလို့လဲ ဖြစ်ရင်ဖြစ်မယ်။ မသိချင်ယောင် ဆောင်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ See First လုပ်ထားပေမယ့် Friend Only နဲ့ပဲ သုံးလေ့ရှိပုံရတော့ တခြားတစ်ယောက်ယောက် Tag တွဲပြီး တင်လိုက်မှ သူဘယ်ရောက်နေလဲ။ ဘာလုပ်နေလဲဆိုတာ သိခွင့်ရတယ်လေ။ မ Block သွားတာလေးကိုပဲ ကျေးဇူးတင်ရမယ်။

Block ရလောက်အောင်လည်း သူမပေါ် တစ်ခါမှ မယုတ်မာခဲ့သလို မကောင်းတဲ့ စိတ်မျိုးမှ မထားခဲ့ဖူးဘဲ။ ချစ်လွန်းလို့ ဖွင့်မပြောရက်ဘဲ အနားမှာ ကပ်နေမိခဲ့တာလေးကိုလည်း အပြစ်လို့ သတ်မှတ်ပြီး Block ရလောက်အောင် သူမက သဘောထားသေးသိမ်တဲ့ ကောင်မလေး မဟုတ်မှန်း ကျွန်တော် သိတယ်လေ။

သူမဟာ ကျွန်တော့်အတွက် Photoshop Background Layer လိုဖြစ်နေခဲ့တယ်။ အပေါ် Layer တွေ ပေါ်လာရင် သူ့ကို မမြင်ရတော့ပေမယ့် .. တခြား Layer တွေ မရှိတော့တဲ့ အခါတိုင်း အထင်းသား ပြန်ပေါ်လာတဲ့ Background Layer လိုပေါ့။ ဘယ်တော့မှ Delete လုပ်လို့ မရတဲ့ Background Layer လိုပေါ့။

ငယ်တုန်းကလို သူမနဲ့ပတ်သတ်ပြီး ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကို လက်လျှော့လိုက်ပြီဆိုပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်ကလို ပုံစံမျိုးနဲ့ သူမ ကျွန်တော့်ကို သတ်မှတ်ခဲ့တဲ့ အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုအနေနဲ့ဖြစ်ဖြစ် တစ်ခါလောက် စကားတွေ ပြောချင်မိတယ်။ အလာပ သလာပ လေးတွေ ဖြစ်ဖြစ်ပေါ့။ သူမ မကြိုက်တဲ့ တခြားဘာစိတ်မှ မပါဘဲ နဲ့ပေါ့။ သူ့ရဲ့ Facebook ရဲ့ Message box ကနေဖြစ်ဖြစ် "... ကြီးရေ၊ ငါ့ကို မှတ်မိသေးလား" လို့ ဖြစ်ဖြစ် တစ်ခေါက်လောက် သွားရေးဖို့ ခဏခဏ စိတ်အားတင်းဖူးတယ်။ တွေးမထားနိုင်တဲ့ ပိုဆိုးစရာတွေများ ဖြစ်လာမလားဆိုတဲ့ ကြောက်စိတ်နဲ့ ဒီနေ့ထိ အားတင်းတဲ့အခြေအနေကနေ မတိုးတက်သေးဘူး။

တစ်ခါတစ်လေကြတော့ စဉ်းစားမိတယ်။ အခုချိန်ထိ မစွံတာကို စဉ်းစားမိတိုင်း သူမ လက်မခံခဲ့လို့များလားဆိုပြီး အပြစ်တင်ချင်စိတ်နဲ့ပေါ့။ တကယ်တော့ single ဖြစ်ပြီး အေးအေးဆေးဆေး တစ်ယောက်တည်း နေရတာကို ပိုကြိုက်လာတဲ့အချိန်မှာ သူမကို ကျေးဇူးတင်မိတယ်။ သူမ မပေးခဲ့တဲ့ ကျွန်တော့်ဖက်က တစ်ဖက်သတ် မှတ်ညဏ်လေးတွေကို ပြန်တွေးနေခွင့်ရရုံနဲ့ အနေတတ်လာလို့ပါပဲ။

တကယ်တော့ ကျွန်တော့်ရဲ့ ချစ်ခြင်းဆိုတဲ့ စာမျက်နှာက သူမဟာ ဒီလို facebook ရဲ့ ပိုစ့်လေး တစ်ခုနဲ့ တန်ဖိုးဖြတ်လို့ မလုံလောက်၊ မပြည့်စုံနိုင်ဘူးလေ။ သူမကိုယ်တိုင်တောင် မသိလိုက်တဲ့ အမှတ်တရတွေ၊ သူမကိုယ်တိုင် မမှတ်မိတော့မယ့် အဖြစ်အပျက်တွေ၊ သူမကိုယ်တိုင် မေ့လိုက်ချင်တဲ့ အမှတ်တမဲ့တွေ၊ အားလုံးက ကျွန်တော့် ဦးနှောက်ထဲက Nothing Box နံရံမှာ ရေးသားထားတဲ့ ကဗျာစာသားတွေပါပဲ။ "First Love" ဆိုတဲ့ စကားလုံးရဲ့ အလှတရားဟာ  ကျွန်တော့် ဦးနှောက်ထဲက ဖျောက်ပစ်ဖို့ခက်တဲ့ အလှတရားတွေ ဖြစ်နေဦးမှာပါ။

အကျေနပ်မိဆုံး တစ်ခုတော့ရှိတယ်။ သူ့ကို ဘယ်တော့မှ ထီးမဆောင်းပေးတဲ့ ကောင်လေးနဲ့ပဲ ယနေ့ထိ စွဲစွဲမြဲမြဲပဲတဲ့။ ၇ နှစ်တောင် ကျော်ကြတော့မယ်လေ။ သူမက ရိုးသားတဲ့ မိန်းကလေး တစ်ယောက်ဆိုတာ ကျွန်တော် သိတာပေါ့။ ^_^

တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း သတိရမိပါတယ်။
Credit to Original

No comments:

Post a Comment