ရဟန်းနှင့် ဆက်ဖီ(Selfie)
==================
(၁)
မိုဘိုင်းကင်မရာကို ကြေမုံပြင်သဖွယ် ရွဲ့စောင်းတည့်မတ်ချိန်သားကိုက်အောင် ကြည့်မိသည့်ခဏ
သရိုးသရီစိတ်ဝင်သွားသည်။
အယ်....။ တစ်စုံတစ်ယောက်များ မြင်သွားရော့လား...။
ဘေးဘီဝဲယာကို စူးစမ်းမိတော့ သူတစ်ကိုယ်တည်း..။ ဘုရားစောင်းတန်းအတက် အမှတ်တရဓါတ်ပုံတစ်ပုံ ဖြတ်ကနဲ ရိုက်ပြီးသည့်နောက် စေတီပရိဝုဏ်ရှုခင်းနောက်ခံနှင့် သူ့အရိပ်ကို သူသိမ်းဆည်းထားချင်သည့် စိတ်က သွေးတက်လာသည်။
ဓါတ်ပုံရိုက်ပြီဆိုမှတော့အချိုးပြေမှ ဖြစ်မည်။ တင့်တယ်သော ရဟန်းအသွင်သမဏသာရုပ္ဗဖြစ်အောင် ပြုပြင်ချိန်ရွယ်နေရသည်ကိုက လူမြင်ကွင်းတွင် ရယ်ရွှင်ပြုံးတုံ့ဖြစ်စေမည်ထင်သည်။ သဒ္ဓါအားကောင်းလျင် နားလည်ပေးနိုင်မည်ဖြစ်သော်လည်း သံသယကြီးစွာ စောကြောတတ်သူများအတွက်တော့ ကဲ့ရဲ့ပြစ်တင်ဖွယ်ဖြစ်ချေမည်။
ဘုန်းကြီးတန်မဲ့ ဆိုသော စကားအရွဲ့ကို မကြာခဏကြားရတတ်သည်မဟုတ်လား..။
သာသနာတော်ကို မကြည်ညိုသေးသောသူများ အသစ်ကြည်ညိုခြင်းထက် ကြည်ညိုပြီးသူအဟောင်းများ
နောက်ဆုတ်မသွားစေရ..။
နည်းပညာမြင့်မားလာမှုက အလိုနည်းစွာ ကျင့်သုံးရသော ကျောင်းပရိဝုဏ်များ၏ အရောင်အဆင်းကိုပါ ပြောင်းလဲစေသည်မှာ ငြင်းမရ။
ဂြိုဟ်တုရုပ်သံ၊အဆင့်မြင့်ကွန်ပြူတာ၊အ၀တ်လျှော်စက်၊ရေခဲသေတ္တာ၊အအေးပေးစနစ်၊ဗားရှင်းအသစ်မိုဘိုင်းဖုန်းနှင့် နောက်ဆုံးပေါ်ကားများသည် ကျောင်းပရိဘောဂနှင့် ပရိက္ခရာအသစ်များဖြစ်လာသည်။
ထိုအရာများ ပိုင်ဆိုင်လာခြင်းကိုပင် ဘုန်းကံကြီးမားခြင်းဟု ကောင်ချီးနုမော်သာဓုခေါ်ဆိုရသကဲ့သို့ ထိုအရာများလှူဒါန်းခြင်းသည်လည်း အချိန်အခါသင့်လှူဒါန်းသောကာလဒါနဖြစ်လာလေသည်။
သို့သော် သုံးဆောင်သောရဟန်း၏ လောကီယိမ်းသောအမူအရာကို ကြည့်၍ နှာခေါင်းရှုံခြင်းများ ရှိနိုင်သလို လောကုတ္တရာသာသနာပြုလမ်းခရီးအတွက် အထောက်အပံ့ပစ္စည်း ဟု ယုံကြည်မြတ်နိုးကာ ထပ်တိုးလှူဒါန်းကြသည်လည်း တွေ့ရပေမည်။
(၂)
ပုထုဇဉ်တို့၏ သဒ္ဓါတရားက အံ့သြဖို့ကောင်းသည်။
အမြတ်နိုးဆုံးအရာကို အကြည်ညိုဆုံးဘုရားရဟန္တာနှင့် တပည့်သာဝကတို့အား လှူဒါန်းလိုကြသည်။ အနှိုင်းမဲချမ်းသာကို အနှိုင်းမဲ့အလှူဖြင့် တံတားခင်းလိုခြင်းဖြစ်သည်။
ဝေလာမပုဏ္ဏား၏ ထမင်းရေချောင်းစီးအလှူနှင့် ပသေနဒီကောသလမင်းနှင့် မလ္လိကာမိဖုရားမောင်နှံတို့ ၏ အသဒိသဒါနပွဲတော်များသည် ထိုသဘောကို ဆောင်သည်။
သို့နှင့် ထူးခြားမွန်မြတ်သော လှူဖွယ်တို့ ကျောင်းဝိဟာသို့ ရောက်လာကြလေသည်။
ရွှေငွေကျောက်သံပတ္တမြားတို့ဖြင့် စီခြယ်အပ်သောအသုံးအဆောင်တို့သည် သေနာသနိကဘုရားကျောင်းဘဏ္ဍာများ ဖြစ်လာကြ၏။ ခေါမတိုင်း ကာသိတိုင်းဖြစ် ပိုးဖဲကတ္တီပါအ၀တ်အထည်များသည် သင်္ကန်လျာများဖြစ်လာကြသည်။
ခဲဖွယ်ဘောဇဉ်အမျိုးမျိုးနှင့် တန်ဖိုးကြီးဆေးဝါးဓါတ်စာများသည် ဘေသဇ္ဇဆေးအထောက်အပံ့ဖြစ်လာကြလေသည်။
အသမ္ဘိဏ္ဏခတ္တိယမဟာသွေးအစစ်ဖြစ်သော ဗုဒ္ဓအရှင် လွှတ်ချခဲ့သည့် မင်းမြှောက်တန်ဆာများသည်ပင် ပဒေသရာဇ်ဧကရာဇ်တို့၏ ၀ဋ်ေ မျှာ်ကုသိုလ်အဖြစ် ရုပ်ပွားဆင်းတုတော်များ၏ ကိုယ်တော်ကို လွှမ်းခြုံစေတော့သည်။ သစ်ခက်တဲတောရကျောင်းသင်္ခမ်းဖြင့် စသော ဘုရားကျောင်းကန်များသည် စုလစ်မွန်းချွန်ထုပိကာတို့ဖြင့် နန်းဆန်လာခဲ့သည်။
ခေတ်အဆက်ဆက်အသွင်အခြင်းအရာမတူသော်လည်း ပရိက္ခရာရှစ်ပါးထက် ပိုလွန်လှူဒါန်းခဲ့သည်မှာ သေချာလှသည်။
(၃)
ပထမဆုံးမြင်ဖူးသော ခေတ်ပေါ်ပရိက္ခရာမှာ သူ့ငယ်ဆရာ ရွာဦးကျောင်းဘုန်းတော်ကြီး၏ နေရှင်နယ်အမျိုးအစားရေဒီယိုလေးတစ်လုံးဖြစ်သည်။ အသက်သုံးဆယ်အရွယ်ဆရာဘုန်းတော်ကြီးက ပြည်တွင်းပြည်ပသတင်းနှင့် ပြည်နယ်တိုင်းဘောလုံးပွဲများကို နားထောင်လေ့ရှိသည်။ ၀ါတွင်းလပြည့်လကွယ်နေ့များတွင် ရွှေမန်းတင်မောင်၏ ဇာတ်ထုပ်များကို တစ်ကျောင်းလုံးနားထောင်ကြရသည်။
သို့သော် အခြားကျောင်းမှ ထေရ်ကြီးဝါ
ကြီးဆရာတော်များ ကြွလာလျင်တော့ ရိုသေသမှုဖြင့် သိမ်းဝှက်ထားလေ့ရှိသည်။
ရေဒီယိုနားထောင်ခြင်းကို ရှက်နိုးဖွယ်တစ်ခုအဖြစ် ယူမှတ်တော်မူခြင်းဖြစ်သည်။
အခြာအသုံးအဆောင်များကတော့ မီးစက်ကြီးဟောင်းကြီးတစ်လုံးနှင့် ရှေးဟောင်းသံပတ်ပေးတိုင်ကပ်နာရီအမျိုးမျိုးဖြစ်သည်။
မီးစက်ဟောင်းကြီးရောက်လာသည့်ညက တစ်ကျောင်းလုံး ပျော်ရွှင်တက်ကြွနေကြသည်ကို မှတ်မိ၏။ ဆန်ကြီတ်စက်အဖြစ်နှစ်ပေါင်းများစွာ အသုံးပြုပြီးသော မီးစက်ကြီးသည် ဆရာဘုန်းကြီး၏ ပီတိနှင့် ကျောင်းနေရဟန်းသာမဏေတို့၏ မျှော်လင့်ချက်ကို တစ်လခန့်အကြာတွင် ဖျက်ဆီးပစ်လိုက်၏။ မည်သို့မျှ နှိုးလို့မရအောင် အိပ်စက်သွားခြင်းပင်..။ တိုင်ကပ်နာရီကြီးများကိုတော့ ဆရာဘုန်းကြီးအပါအ၀င် ရဟန်းတော်များနှင့် ကိုရင်ကြီးများက သံပတ်ပေးကြရသည်။
သူတို့လို ကိုရင်ချာတိတ်များက တဂျိဂျိသံပတ်ပေးသည်ကို မော့မော့ကြည့်ရသည်။
နာရီမှန်အောင် ကြည့်တတ်ခြင်းသည် တောကျောင်းကိုရင်ကျောင်းသားများအတွက် ဂုဏ်တစ်ခုဖြစ်သည်။
(၄)
ရှင်ငယ်ဘ၀မှာတော့ တပ်မတော်အစိုးရကိုယ်တိုင် ရုပ်မြင်သံကြားစက်များ လှူဒါန်းနေသည်ကို သတင်းစာများတွင် ဖတ်ရ၏။ ဂျူနီယာဘုန်းတော်ကြီးငယ်တို့ မျက်နှာပူဖွယ်မလိုတော့ပြီ။ ခေတ်ပေါ်ပစ္စည်းဟူသည် နိုင်ငံတော်အဆင့်ကုသိုလ်ဝတ္တုဖြစ်ချေပြီမဟုတ်လား..။
သို့နှင့် နှစ်အနည်းငယ်အတွင်းမှာပင် နိုင်ငံအနှံ့ ကျောင်းကန်ဝိဟာများ၏ ပရိဘောဂဘဏ္ဍာစာရင်းတွင် ဖြူမဲ၊ ရောင်စုံရုပ်သံစက်များက ထင်းထင်းကြီး နေရာဝင်ယူတော့သည်။ တောင်ကျောင်းဘုန်းကြီးဒကာတို့က ရုပ်သံစက်လှူလျင် မြောက်ကျောင်းဂေါပကအဖွဲ့က ဂြိုဟ်တုစလောင်းတပ်ဆင်ရေး ဆွေးနွေးကြရပေတော့မည်။ ရွာဦးကျောင်းထိပ်တွင် ရုပ်သံအေရိယယ်တိုင်လေးမှ ထောင်မထားနိုင်လျင်၊ စလောင်းဖုံးလေးမှ ဆင်မထားနိုင်လျင် သာသနာပွင့်လင်းသည် မမည်..။ ဒကာတို့က တာဝန်မကြေ ဟု ခံစားကြရဟန်ပင်..။
အမှန်တကယ်ပင် သုံးစွဲသူရဟန်း၏ အဇ္ဈာသယအလိုအတိုင်း ထိုအရာများသည် တန်ဖိုးအနိမ့်အမြင့်၊ အပေါင်းအနှုတ်ကွာခြားသွားပေမည်။ တန်ဖိုးမဖြတ်နိုင်သော မီးသည်ပင် မျောက်တစ်ကောင်၏ လက်ထဲတွင် အန္တရာယ်ဟုန်းဟုန်းတောက်သွားနိုင်သည်မဟုတ်လား..။
ရုပ်သံစက်များသည် သုတများစွာကို ပေးသည်။
လူနှင့် ခေတ်ကို မျက်ခြေမပြတ်အောင် ချိတ်ဆက်ထားသည်။
အပြောင်းအလဲများစွာ၏ အရွေ့ကို သတိပေးသည်။ ဒေသတွင်းနှင့် ကမ္ဘာ့ယဉ်ကျေးမှုများစွာကို လေ့လာရန် မုခ်ဦးတစ်ခုဖြစ်သည်။ ပညာယန္တရားတစ်ခုအဖြစ် အသုံးပြုလျင် ရုပ်သံစက်များသည် အပြစ်ကင်းပေမည်။ သက္ကတဘာသာဖြင့် ရုပ်သံစက်ကို အဝေးမြင်ကိရိယာ ဒူရ်ဒါရ်ရှန် (Durdarshan) ဟု ဆိုသည်။(ပါဠိဘာသာဖြင့် ဒူရဒဿန၊ ဒူရ-အဝေး၊ ဒဿန-မြင်ခြင်း ဟု အဓိပ္ဗါယ်ရသည်။ )ကျောင်းသင်္ခန်းလေးအတွင်းမှာ သီတင်းသုံးရင်း
ဒိဗ္ဗစက္ခု(နတ်မျက်စိ)ဥာဏ်အမြင်မလိုဘဲ ရုပ်သံစက်ဖြင့် အဝေးမှ အဖြစ်အပျက်များကို ရှုမျှော်နိုင်ခြင်းပင်..။
တရိပ်ရိပ်မြင့်မားလာသော နည်းပညာအရွေ့ကြီးနှင့် အတူ ကွန်ပြူတာစက်များ ကျောင်းသင်္ခန်းအတွင်းသို့ ရောက်လာကြပြန်သည်။ တံခါးအထပ်ထပ်ပိတ်၍ သော့အထပ်ထပ်ခတ်ထားသော သာသနာ့တက္ကသိုလ်စာကြည့်တိုက်ရှိ ကွန်ပြူတာခန်းကို သူတို့ ချောင်းကြည့်ခဲ့ရဖူးသည်။
ပိဋကတ်လေ့လာရေးအတွက် အလွန်အသုံးဝင်သော ကွန်ပြူတာကို အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ဆန်ဖရန်စစ္စကိုမြို့တော်မှ ကြွလာသောထေရ၀ါဒတက္ကသိုလ်ပထမဆုံးပါမောက္ခချုပ်ဆရာတော်ကြီးကိုယ်တိုင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
“ ဗုဒ္ဓေါ” ဆိုတဲ့ ပုဒ်ကလေး ပိဋကတ်သုံးပုံထဲမှာ ဘယ်နှစ်လုံးပါဝင်သလဲ.. ဘယ်ကျမ်းတွေမှာ ဖော်ပြထားသလဲ .. ဘယ်လို အဓိပ္ဗါယ်ဖွင့်သလဲ ဆိုတာ စာအုပ်တွေထဲ လိုက်ရှာရင် နေ့တွေ လတွေတောင် ကြာသွားမယ်...။ ဟောဒီကွန်ပြူတာလေးထဲမှာ ထည့်ထားတဲ့ ပိဋကတ်သုံးဆော့ဖ်ဝဲဖွင့်ရှာလိုက်ရင် စက္ကန့်ပိုင်းအတွင်း အဖြေသိနိုင်တယ်..”
ဆရာတော်ဘုရားကြီး၏ လက်ပ်တော့ကွန်ပြူတာသေးသေးကိုပင် မဟာဘွဲ့နှင်းဓမ္မာရုံကြီးတွင် တရုတ်စွယ်တော်ဖူးသကဲ့သို့ တိုးဝှေ့ငေးခဲ့ရ၏။
အော် ကွန်ပြူတာ တဲ့..။ လက်ပ်တော့ တဲ့...။
(၅)
သာသနာ့တက္ကသိုလ်လေးနှစ်ပြီးဆုံး၍ နယ်စပ်ဒေသနှင့် တောင်တန်းသာသနာပြုနှစ်နှစ်တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ဆက်တက်ခဲ့သည်။ ကွန်ပြူတာပိုင်သော မိတ်ဆွေရဟန်းတော်များက သူ့ကို ကွန်ပြူတာအသုံးပြုရန် တွန်းအားပေးခဲ့သည့်တိုင် သူကတော့ ဘောလ်ပင်တစ်ချောင်း၊ စက္ကူဖြူတစ်လိပ်ဖြင့် ရေးခြစ်မှော်ဝင်နေရသည်ကို ပျော်သည်။ ပြင်လိုက်ဖျက်လိုက် တွေးလိုက် ငေးလိုက်...။
မဇ္ဈိမပညာသင်ခရီးမသွားမီမှာတော့ ရွှေပြည်ကြီး၏ သောင်းဂဏန်းမျှသာ ရှိသော အီးမေးလ်အကောင့်ပိုင်ဆိုင်သူများတွင် သူအပါဝင်ဖြစ်စေရန် ထေရ၀ါဒတက္ကသိုလ်အင်တာနက်ခန်းမသို့ ခေါ်ဆောင်ကာ
ရှင်အာစာရနှင့် ဘိက္ခုဥာဏိန္ဒတို့က ဖန်တီးပေးလိုက်ကြသည်။
ပထမဆုံး အင်တာနက်သုံးနည်းသင်သည့်နေ့က ကဗျာဆရာတစ်ယောက်ပြောသည့်
ကမ္ဘာဦးလူက မီးကို တွေ့ရှိသလိုမျိုး အံ့သြ၀မ်းသာကြီးဖြစ်နေသည်။
“ဟိုင်း ”
“ဟိုင်း”
နောက်တစ်ခုက မိုဘိုင်းလ်ဖုန်းဖြစ်သည်။ ဆင်းကဒ်တစ်ခု ဒေါ်လာငါးထောင်ခန့် ဈေးပေါက်ခြင်းသည်ပင် မိုဘိုင်းလ်ဖုန်း၏ ၀ိသေသလက္ခဏာ ဟု အယူဒိဋ္ဌိတစ်မျိုးဖြစ်ပေါ်လာသည်အထိ ရွှေပြည်ကြီးအစိုးရက ၀ါဒဖြန့်ချီနိုင်ပေသည်။ သို့အတွက် မိုဘိုင်းဖုန်းခါးချိတ်ထားသော ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်သော ပုဂ္ဂိုလ်မှန်သမျှသည် ထူးသော အံ့သော ဖြစ်ရပေ၏။ ဘုန်းတန်ခိုးကြီးမားသော ဆရာအရှင်တို့သည်လည်း မိုးဘိုင်းမြင်သာအောင် လိုလို မလိုလို “ ဟလို ဟလို “ ဟု လူစုစုရှိက လက်ကမချရှိကြပေတော့၏။
ထို့နောက် မဇ္ဈိမပညာသင်ခရီးစသည်။
ဗာရာဏသီမြန်မာကျောင်းရှိ ဆွမ်းစားစာပွဲပေါ်တွင် အမှတ်မထင် ပစ်တင်ထားသော ပညာသင်ရဟန်းတို့၏ မိုဘိုင်းလ်ဖုန်းများစွာကို မြင်ရသည့်အခါ ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းနှင့် ဆင်းကဒ်ဈေးကွက်မှ လာခဲ့သည့် သူ အထိတ်တလန့်ဖြစ်သွားသည်။
ဗာရာဏသီညနေခင်းများတွင် သူ့လက်ထဲမှာ ရှိသော ဘုတ်အုပ်များထက် အသက်ဝင်၍ အပြောကျယ်သောအင်တာနက်ကမ္ဘာကို သူ တူးဖော်မိသွားသည်။ အင်တာနက်သုံးဖက်မိတ်ဆွေကတော့ ယနေ့ရှင်သစ္စာဖြစ်သည်။ တစ်နာရီ ၁၅ ရူပီးပေးရသော အင်တာနက်ကဖေးလေးဆီ ညနေတိုင်းသွားကြသည်။
တစ်နေ့လျင် ရူပီး ၃၀ ဖိုးသာ သုံးနိုင်သည်။ ၀က်ဘ်ဆိုဒ်များ ကလစ်ရင်း ကိုယ်ပိုင်အခမဲ့ဘလော့လေးဖွင့်နိုင်သည်ကို သိလာသည့်အခါ မည်သည့်အယ်ဒီတာဆီမှ မပို့လိုခဲ့သော စာတိုပေစများသည် အင်တာနက်စာမျက်နှာများပေါ် တဖျောက်ဖျောက်မြည်လာလေတော့သည်။
မြန်နှုန်းမြင့်ခေတ်ကြီးနှင့် လျော်စွာ ပေါ်ထွန်းလာသည့် နည်းပညာလှိုင်းကို စီးကာ ဓမ္မခရီးကို ဆက်ရပါဦးမည်..။ မည်သည့်အရာကိုပဲ လိုလို အင်တာနက်တံခါးက ကြိုဆိုနေသည်။
ကလစ်လေးတစ်ချက်ဖြင့် ကမ္ဘာကြီးကို ဖွင့်မိလျက်သားဖြစ်နေမည်။
သို့သော် ဗုဒ္ဓအရှင်က အမျိုးသမီးပျောက်ရှာပုံတော်ဖွင့်နေသည့် ဘဒ္ဒ၀ဂ္ဂီမင်းသားများကို မေးသည့်မေးခွန်းကတော့ အချက်ပြဥသြဆွဲသံဖြစ်ချိမ့်မည်..။
“သင်တို့ကိုယ်သင်တို့ ရှာဖွေသည်က မမြတ်သလော...”
မည်သို့ဆိုစေ
ဆက်ဖီလေးတစ်ပုံလောက်တော့ ရိုက်ချင်နေသေးသည်။
ဓမ္မဂင်္ဂါ
(၅-၃-၂၀၁၆)
-----------------------
လွန်ခဲ့သော နှစ်က ရေးလက်စ ယနေ့အပြီးသတ်သည်.။
Credit to Original
No comments:
Post a Comment