“ညီမလေး……သို့”
(၁)
သတိထား ညီမလေး
အရေခွံဘယ်လောက်လဲလဲ
မြွေဆိုတာ တီဖြစ်မသွားဘူး
ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်
အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့
ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်
ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစား
ရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်
အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့
အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့
အမေ နေ့တိုင်းခပ်ထားတယ်။
(၂)
မမှားဘူး ညီမလေး
စဉ်းစားရတယ်ဆိုတာ
မိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်
အရိုးဆို ကြည့်ရှောင်ရမယ်လေ
ကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူး
စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်
ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်
တကယ်တော့ ဟင်းကြေးများတယ်ဆိုတာ
အစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။
(၃)
ချစ်တာတော့ ချစ်ပါ ညီမလေး
ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့
ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူး
ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့
မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေး
ကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။
(၄)
ညီမလေးရေ….
ချစ်ဦးသူနဲ့ ရတယ်ဆိုတာ
တို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီး
အချစ်ဦးနဲ့ လွဲဖူးသူဟာ
အိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်
အသဲကွဲတယ်ဆိုပြီး ဘီယာသောက်
လောကကြီးကို မှောက်ပစ်တတ်တာ
ပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ
မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်
လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့
တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေ
တန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်
ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ…..
(၅)
ညီမလေးရေ….
ယောက်ျားဆိုတာ
ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်
နန်းကျဘုရင်ပဲဖြစ်ဖြစ်
မြှောက်စားတာ ခံချင်ကြတယ်
ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာ
ကြောင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်
ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်
အပြောချိုတဲ့ အအိုချောကြောင့်
ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေ
လေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာ
ဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူး
ပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာ
ချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး..။
(၆)
ညီမလေးရေ….
ရင်ဘောင်တန်းတယ်ဆိုတိုင်း
ခြေရာတော့ လိုက်မတိုင်းလေနဲ့
ကြောင်ဘယ်လောက်ခြေရာကြီးကြီး
ကျားကြီးကိုတော့ ဘယ်မှီမလဲ
အသားစားသတ္တဝါချင်းတူပေမယ့်
စကားအဆိုသာ ကြောင်က ဆရာဖြစ်တာ
ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ
သဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ
နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။
(၇)
ညီမလေးရေ…
သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့
ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာ အရက်ချက်ရင်သုံးနေကြပြီ
ချစ်သူကို လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့
နတ်သျှင်နောင်ရဲ့ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာရှိသေးတယ်
တို့ချစ်လှပါတယ်ဆိုတဲ့ ဧရာဝတီတောင် တချိန်တခါက သစ္စာဖောက်ခဲ့ဖူးတယ်
စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ ညီမလေး
ဘုရားဟောတဲ့ သစ္စာလေးချက်တောင်
တို့ပုထုဇဉ်လောကမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပဲ စွဲမြဲနေတယ်လေ
အမှားတစ်ရန်ကို တစ်ဘက်စီယူပြီး အမှန်တရားလုပ်နေတဲ့လောကမှာ
သစ္စာဆိုတာ ပန်းနာမည်သက်သက်ဖြစ်နေပြီ ညီမလေးရေ..။
(၈)
ညီမလေးရေ…..
အယ်ဒီဆင်ရဲ့၉၉ခေါက်သော ကျရှုံးခန်း
ဘယ်စာတမ်းမှာမှ မပါဘူး
ရိုက်ညီနောင်ရဲ့လေယာဉ်ပျက်ကျခန်း
ဘယ်စာတမ်းမှာမှ မပါဘူး
ဘုန်းရောင်ဖွဲ့တွေနဲ့ ယဉ်ပါးလာတဲ့ စာပေလောကမှာ
ချီးတုံးကို တန်ဆာဆင်သလိုဖြစ်လို့
ကျရှုံးခန်းဆိုတာ ရောင်းတန်းမဝင်ဘူးလေ
ဖတ်ပါ မှတ်ပါ လေ့လာပါ
အစွန်းတဘဘက်တော့ မရောက်စေနဲ့
စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့
ဒါပေမယ့် အသုံးမတတ်ရင် မီးခွက်ဟာ
မြို.ပျက်သွားစေနိုင်တယ် ညီမလေး။
(၉)
ညီမလေးရေ…….
မြို့ကြီးပြကြီးမှာ အသက်မွေးမယ်ဆိုရင်
ပွင့်လင်းရိုးသားတယ်ဆိုတာ
တို့ဘိုးဘွားတွေရဲ့ ရိုးရာပုံပြင်ထဲမှာ ချန်ခဲ့တော့
ဖြောင့်မတ်ခြင်းကို ဂွကျတယ်လို့ဆိုသူတွေက
ကောက်တဲ့လက် ဆန်ပိုရသတဲ့လေ
မျှတခြင်းတွေက ဟာသဆန်သွားပြီ
မြို့ပြအမှန်တရားက သာသူစားစတမ်းတဲ့
သတိထား ညီမလေးရေ
ခုခေတ်က လှည်းလမ်းလည်း ကားမောင်းချင်မောင်းတယ်
ကားလမ်းပေါ်လည်း လှည်းမောင်းချင်မောင်းတယ်
မူဆိုတာ ခင်မင်သူတွေအတွက် ပြောင်းလဲလို့ရတဲ့ခေတ်
တို့သိတဲ့ ကိုယ်ကျင့်တရားတွေ အတော်ခေါင်းပါးမှဖြစ်မယ်
ရေမကြည်၊မြက်မနုတော့တဲ့ အဲ့ဒီမြို့ပြသွားမယ်ဆို
ခဏခဏ မငိုမိအောင် ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာယူသွား ညီမလေး။
(၁၀)
သစ်ရွက်တွေကြွေရုံနဲ့တော့
သစ်ပင်ကြီးမသေပါဘူး
ကြယ်လေးတွေကြွေရုံနဲ့လည်း
ကောင်းကင်ကြီးမသေပါဘူး
ညီမလေးရေ.....
ပန်းပုတစ်ရုပ်လှဖို့ဆိုတာ
ထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်မြဲလေ
လဲလို့သာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါဖြစ်တော့မပေါ့
အားမလျော့ပါနဲ့...သွားတဲ့သူအတွက် လမ်းရှိပါတယ်
ညဘယ်လောက်နက်နက် မနက်ဆိုနေထွက်မှာမို့
မနက်ဖြန်အတွက် နိုးစက်ကို အချက်ပေးထားပါ
အတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာသာမို့
ခပ်နာနာတစ်ချက်နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါ
ကောင်းသော မနက်ခင်းဖြစ်ပါစေ
(၁၁)
ညီမလေးရေ…..
ရူးရင်လဲ ထမင်းလွတ်အောင်ရူး
ဒါမှ အချိန်တန်ရင်ထူးမှာ
အကို့လိုတော့ ဟိုမရောက်ဒီမရောက်နဲ့
လမ်းမပျောက်စေနဲ့
ငယ်ငယ်က တို့တွေ ပန်းကောက်သလိုပေါ့
ခရေသီမလား စံပါယ်သီမလား
တစ်မျိုးချင်းသီမှ ရောင်းပန်းမည်တယ်လေ
လွယ်လွယ်နဲ့တော့ စံပါယ်မပွင့်ဘူး
အချိန်တစ်ခုတော့ ရင်းရမှာပေါ့
မဟုတ်ရင် ကိုးမရှိတဲ့ နဝင်းလို အချင်းဘယ်လှပါ့မလဲ
(၁၂)
ညီမလေးရေ….
လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တင်တော့
ရုပ်လေးလှတာ လူမြင်တာပေါ့
ဖြူစင်တဲ့စိတ်ထားလေးလည်းမွေးပါ
ပြန်တွေးတိုင်း လက်မထောင်နိုင်တဲ့ အတိတ်ရှိအောင်ပေါ့
နိမိတ်၊တဘောင်ဆိုတာတွေ သိပ်မယုံနဲ့
ကြုံသမျှ ဒုက္ခမှာ အကြောင်းရှိတယ်
ယတြာကောင်းစရာမလိုပါဘူး
တရားဓမ္မတွေသာ ရင်ထဲကိန်းအောင်းနေပါစေ ညီမလေးရေ…။
Credit to
PK(ကျောင်းစောင့်ကြီး)
No comments:
Post a Comment