Thursday, February 18, 2016

တကိုယ်စာ ပြောင်းရင်

တကိုယ်စာ ပြောင်းရင်
--------------------

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ရုပ်ဖျက်ပြီး သူ့တိုင်းပြည် တခွင် လှည့်လည်သွားလာခဲ့တယ်။ ဒီလိုနဲ့ လှည့်လည် ကြည့်ရှုပြီးလို့ ဘုရင်ကြီး သူ့ရဲ့ နန်းတော်ကို ပြန်ရောက်တဲ့အခါ ခြေထောက်တွေ အရမ်းနာနေခဲ့တယ်။ လမ်းတလျှောက် မှာ ရှိတဲ့ ကျောက်တုံး ကျောက်ခဲတွေကြောင့် သူ့ခြေထောက် နာရပါတယ် ဆိုပြီးတော့ တတိုင်းပြည်လုံး ရှိရှိသမျှလမ်းတွေကို နွားသားရေ တွေနဲ့ ခင်းရမယ် လို့ အမိန့်ထုတ် လိုက်တယ်။

ဒီလိုသာ ခင်းမယ်ဆိုရင် နွားအကောင်ရေ အမြောက်အများ ပျက်စီး ဆုံးရှုံးတော့ မှာကို မြင်ပေမယ့် အမတ်တွေက ပိုကောင်းတဲ့ အကြံ မထုတ်နိုင်တာက တစ်ကြောင်း ဘုရင့် အမျက်တော်ရှမှာက တစ်ကြောင်းကြောင့် ဘယ်သူမှ မပြောဝံ့ကြဘူး။

ဒါပေမယ့် ခပ်ဝေးဝေး တစ်နေရာက အမတ်ငယ် တစ်ယောက်ကတော့ မကြောက်မရွံ့ထပြီးတော့ ဘုရင်ကြီးကို အကြံပြုလိုက်တယ်။

"အရှင်မင်းကြီး... မလိုအပ်တဲ့ နေရာတွေကို ဘာ့ကြောင့် ငွေ အကုန်အကျခံပြီးတော့ လုပ်နေတော့ မှာလဲ။ တတိုင်းပြည်လုံးစာ နွားသားရေကို သုံးတာထက် သင့် ခြေ နှစ်ဖဝါးစာ နွားသားရေကို ပဲ လှီးယူလို့ ဆင်မြန်းရင် ပိုမသင့်တော် ပေဘူးလား"

ဒီတော့မှ ဘုရင်ကြီးက ဉာဏ်ရှိတဲ့ အမတ်ငယ်ကို ချီးမွန်းပြီးတော့ အမတ်ငယ်ရဲ့ အကြံ ကို လက်ခံခဲ့တယ်။

ဒီပုံပြင်လေးက ဒဏ္ဍာရီဆန်တဲ့ ဖိနပ် စတင် ဖြစ်ပေါ်လာပုံ အကြောင်း ညအိပ်ယာဝင် ပုံပြင်လေး တစ်ခု ဖြစ်ပါတယ်။ သို့သော် ပုံပြင်ရဲ့ ပေးလိုတဲ့ အသိက အတော်နက်တယ်ဗျ။

လောကကြီး သာယာဖို့ အတွက် ကျွန်တော်တို့တွေ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်စရာမလိုပါဘူး။ အရမ်း များလွန်း လှပါတယ်။ မိမိ တကိုယ်စာ စိတ်ထားလေးတွေ ပြောင်းလိုက်ရုံပါပဲ။

- မှတ်စုကြမ်း #kyawnge

Thursday, February 11, 2016

ဖိနပ်တိုက်ခဲ့တဲ့သူ ကသမ္မတဖြစ်တော့ သူကတိအတိုင်းလုပ်ခဲ့တယ်

ဖိနပ်တိုက်ခဲ့တဲ့သူ ကသမ္မတဖြစ်တော့ သူကတိအတိုင်းလုပ်ခဲ့တယ်။
••••••••••••••••••••••••••••••••••••••••••••••••••••

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။

ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး။

ကျောင်းစတက်စအရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်းအဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်။

အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်။

ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်။

ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်။

ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်"နောက်ဆုံးတော့သူဌေးကအကြွေစေ့၂ စေ့ကိုထုတ်ပြီး "ဖိနပ်တိုက်ခ၂ကျပ်ပေးမယ်''
"ဘယ်သူဖိနပ်တိုက်ပေးမလဲ" ဆိုပြီးမေးပါတယ်။

ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့။

တစ်ယောက်က
"ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး"စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်" ဆိုပြီး ပြောလေရာ..

နောက်တစ်ယောက်ကလည်း
"ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ.. အမေကလည်းနေမကောင်းဘူး"
အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ
ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်" ဆိုပြီးပြောရှာပါတယ်။

ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်။

ပြီးတော့...
"တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ်
ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်"
လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော်
နှစ်ယောက် အံ့အားသင့်သွားကြပါတယ်..

"သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ" သူတို့တကယ်ဆာနေကြတာပါ..ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့အားရှိနေပါသေးတယ်" "သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ" "သူဌေးကျေနပ်စေရပါ့မယ်"ကောင်လေးရဲ့စကား
ကြောင့်သူဌေးခံစားသွားရတယ်။ ကောင်လေးကို
ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကို ပေးလိုက်တယ်။
ကောင်လေးက ဘာမှမပြောဘဲ  သူ့အဖော်
နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်အကြာမှာတော့သူဌေးက
ကောင်လေးကိုရှာပြီး
ကျောင်းအားလပ်ချိန်တိုင်းမှာ
သူ့ပင်းမင်းဆိုင်မှာအလုပ်ဝင်စေပါတယ်။ ညစာထမင်းပါကျွေးခဲ့တယ်။
လုပ်အားခနည်းပေမယ့်
ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်။ဒါဟာ
ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့
အခွင့်အရေးဆိုတာကောင်လေးသိတယ်။

ဒါကြောင့် နောင်တွေမှာလည်း
အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက်
ကူညီခဲ့ပါတယ်။နောက်တော့ ကောင်လေး ဟာ
ကျောင်းရပ်နားပြီး
အလုပ်ရုံမှာအလုပ်သမားဝင်လုပ်ခဲ့ပါတယ်။

အလုပ်သမားတွေအတွက်
အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။
အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား
အသင်းထဲ သူဝင်ခဲ့တယ်။

အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို
သူတည်ထောင်ခဲ့တယ်။
၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ
"ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး
တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်" ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်။

ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး
အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်။
အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး
အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်
ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈
နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့
အကောင်အထည်ဖော်ခဲ့တယ်။

တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့
၈၃% အရွယ်ရောက်ပြီးသူတွေကို
တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင်
သူ့ရဲ့ဦးဆောင်မှုအောက်မှာ
"မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ
အမေရိကတိုက်ရဲ့ ခြင်္သေ့"အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်။

သူကတော့ တခြားလူမဟုတ်ပါဘူး...

၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula
da Silva ပဲဖြစ်ပါတယ်။

ဒါကြောင့်ဘယ်လိုဘ၀ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်နေပါစေ.
ကိုယ့်ကိုယ်ကိုဘယ်တော့မှဇွဲမလျှော့ပါနဲ့။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာရှိနေပြီးသားပါ။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ
မိမိတာဝန်ဖြစ်ပါတယ်။

လင်းညှို့သွေး( " ကြိုး"စာအုပ်မှ)



၁။ လေကြီးတဲ့ သူမျိုး

၂။ ကတိကို ခဏခဏဖျက်သူ

၃။ လိမ်ညာသူ

www.yoyarlay.com

#kln_yyl
#article_yyl

(Unicode Version)
မယုံကြည်သင့်တဲ့ လူ ၃ မျိုး

၁။ လေကြီးတဲ့ သူမျိုး
တကယ်မရှိဘဲ ရှိအောင်ပြော၊ တကယ်မလုပ်နိုင်ဘဲ လုပ်နိုင်တယ်လို့ ပြောတဲ့ လေနဲ့သာ အများ အထင်ကြီးအောင် ပြောတဲ့သူများကိုတော့ ယုံကြည်ဖို့ မသင့်ပါ။

၂။ ကတိကို ခဏခဏဖျက်သူ
ပေးပြီးသား ကတိတွေကို တစ်ခါမဟုတ် နှစ်ခါမဟုတ် ဖျက်တတ်သူများ ကိုတော့ ယုံကြည်ဖို့ မသင့်ပါ။ ထိုသူတွေဟာ ကတိဆိုတာကို တန်ဖိုးမထားတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။

၃။ လိမ်ညာသူ
လိမ်တတ်တဲ့ သူများကို တွေ့ဖူးပါလိမ့်မယ်။ အဲလို လိမ်ညာတတ်တဲ့ သူများကို သင့်အနေဖြင့် ယုံကြည်ဖို့ မသင့်ပါဘူး။ ဒါကြောင့် မယုံကြည်သင့်တဲ့ သူများထဲပါ ပါဝင်ပါတယ်။

Ref- thecount , dailymail
ကျော်လင်းနိုင် (ရိုးရာလေး)

ရင့်ကျက်သူဖြစ်ဖို့

(ရင့်ကျက်သူဖြစ်ဖို့)

(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) သင့်မှာ ပရိသတ်တွေ အဲဒီလောက်မများဘူး။ သိပ် အပင်ပန်းမခံနဲ့။

(၁၃) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၄) တခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။

(၁၅) လောကကြီးမှာ အတန်းအစားရှိတယ်။ မတရားမှုတွေလည်း များတယ်။ မညည်းညူပါနဲ့။

(၁၆) သင်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၇) ငွေကြေးနဲ့ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၈) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ "ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၉) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၂ဝ) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၂၁) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၂၂) ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တကယ်တော့ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။

(၂၃) ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ... ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လိမ့်မယ်။

(၂၄) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၅) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့....

ဆရာမ.နိုင်းနိုင်းစနေ.ရဲ့စာသားတွေကိုသူငယ်ချင်းတို့ဖတ်ဖို့ကူးလာခဲ့ပါတယ်နော်..

"ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ"

"ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ"
(The 7 Self Sabotages And How To Overcome Them)

(အေးအေးဆေးဆေး အချိန်ပေးနိုင်တဲ့အချိန်မှ ဖတ်ပါ။)

သင့်မှာ ဒီအချက်တွေထဲက တစ်ခုခုရှိနေရင် ကိုယ့်ကိုယ်ကိုယ် မရည်ရွယ်ပဲ ဖျက်ဆီးမိသူ ဖြစ်နေနိုင်ပါတယ် …

အဲဒါတွေကတော့ …

1. I don't know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

2. I don't deserve it
ကိုယ့်ကိုယ်ကိုယ် လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

3. I don't have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

4. It's too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

6. They don't want me to ...
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ
……………………………………………………………
ဒါတွေဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် တွေးကြည့်ပါ

- သင်ရော ကိုယ့်ကိုယ်ကိုယ် ဖျက်စီးမိနေပြီလား၊
- အပေါ်ထဲက အချက်ဘယ်နှစ်ချက်တိုက်ဆိုင်လဲ၊
- ဘယ်လိုကျော်ဖြတ်မယ် စဉ်းစားလဲ၊
- အဲဒါလေးတွေ တွေးပြီးပြုပြင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေပါ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့ဆိုင်တာကို ရွေးချယ်ဖတ်လို့ရပါတယ်။ မအားလပ်လို့ တစ်ဦးချင်း Reply မလုပ်ပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။

========================

1. I don't know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

သင့်ဘ၀အတွက် အရေးကြီးတဲ့ ရည်မှန်းချက်များ မချမှတ်မှီ အရေးတကြီး ချက်ချင်းလုပ်ရမှာကတော့ သင်အမှန်တကယ် ဘာကိုလိုချင်သလဲဆိုတာပါပဲ။ ကျွန်တော်တို့ လူတော်တော်များများမှာ Goal Conflict တွေ ရှိပါတယ်၊ သင်သတိမထားမိတာသာ ဖြစ်ပါမယ်၊ သင်ဟာတစ်ပြိုင်တည်းမှာ အများကြီးရဖို့ ကြိုးပမ်းနေမယ်၊ ဒါမှမဟုတ် သင်ဟာ မတူညီတာတွေ အများကြီးကို တစ်ခါတည်းလိုချင်နေမယ်၊ ပြီးတော့ အဲဒီလို အာရုံပြန့်ပြားမှုတွေကြောင့် ဘာမှ မစတင်နိုင်ဘူးဖြစ်နေမယ်။

ဒုတိယအနေနဲ့ကတော့ သင်လိုချင်တဲ့ Goal ဟာ လက်တွေ့မကျတာပါပဲ၊ ကောင်းမွန်တဲ့ Goal တွေဟာ သင့်ဘ၀ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ အခြားသူများ ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ကို အထောက်အပံ့ပေးပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေ ချမှတ်တဲ့ Goal တွေရယ် လိုချင်တာတွေရယ်ဟာ ကိုယ့်ဟာကိုယ်ဖျက်စီးတာတွေ ဖြစ်နေတတ်ပါတယ်။ သင်ဟာ သင့်ရဲ့ ကောင်းမွန်စွာနေထိုင်မှုကို ပျက်စီးစေမယ့် အလုပ်တွေကို စတင်ဖို့ စိတ်အားတက်ကြွနေတတ်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ သင်လိုချင်တဲ့ Goal တွေရဲ့ နောက်ကွယ်မှာ တိမ်မြှုပ်နေတဲ့ အကြောင်းရင်းတွေကို သင့်ဘ၀မှာ ယုံကြည်ရသူတွေနဲ့တိုင်ပင်ပြီး သင်လိုချင်တဲ့ Goal ဟာ ကောင်းမွန်တဲ့ Goal ဟုတ် မဟုတ်နဲ့ ရအောင်ကြိုးစားသင့် မသင့်ကို တိုင်ပင်သင့်တယ်။

သင့်အနေနဲ့ သင့်ရဲ့ အလုံးစုံ အခြေအနေကောင်းမွန်မှု အတွက် သင့်လိုချင်တဲ့ Goal တွေကို မဖြစ်မနေ ခြုံငုံလေ့လာရပါမယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ဘ၀ရဲ့ အရေးကြီးတဲ့ ကဏ္ဍအားလုံးကို ပြန်လည်ဆန်းစစ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားမှု၊ ယုံကြည်သက်ဝင်မှု၊ လူမှုဆက်ဆံရေး၊ အတတ်ပညာများ တတ်ကျွမ်းမှု အစရှိသော ဧရိယာအသီးသီးအတွက် ကောင်းမွန်ပြီး မျှတမှုရှိအောင် ကြိုပမ်းရန်လိုအပ်ပါတယ်။ ယထာဘူတကျပြီး ကောင်းမွန်တဲ့ Goal တွေဟာ သင့်ဘ၀ရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ပြည့်စုံစေလိမ့်မယ်။ သင့်ရဲ့အခြား Goal တွေနဲ့ အံ့ဝင်ခွင်ကျဖြစ်လိမ့်မယ်၊ ပြီးတော့ အဲဒါတွေကြောင့် သင့်ကိုယ်သင့် တန်ဖိုးထားမှုကို မြင့်တက်လာစေလိမ့်မယ်။ ဒါ့အပြင်တော့ သင့်မှာ ဆွဲဆောင်မှုကောင်းတဲ့ Goal ရှိလေလေ သင်ရဲ့လုပ်ဆောင်မှုအရည်အသွေးတွေက မြင့်တက်လေလေပါပဲ၊ အဲဒါကြောင့် သင်ရွေးချယ်မယ့် Goal ဟာ သင့်အနေနဲ့ စိတ်အားထက်သန်ပြီးတဲ့ အရာဖြစ်ဖို့အရေးကြီးပါတယ်။

========================

2. I don't deserve it
ကိုယ့်ကိုယ်ကို လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

ကိုယ့်ကိုယ်ကို လိုချင်တဲ့ ရည်မှန်းချက်နဲ့ မထိုက်တန်ဘူးထင်တဲ့ စိတ်တွေဟာ များသောအားဖြင့် မသိစိတ်ထဲကနေ လာပါတယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့  ကိုယ့်ကိုယ်ကို လေးစားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုတွေနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှုဟာ သင့်ရဲ့ ရည်မှန်းချက်တွေကို ရယူဖို့မှာ အရမ်းကို အရေးကြီးပါတယ်။ သင့်အနေနဲ့ သင်နဲ့ ထိုက်တန်တယ်လို့ သင့်ကိုယ်သင် ယူဆတဲ့အရာတွေကိုပဲ ရယူနိုင်အောင် ကြိုးပမ်းနိုင်ပြီး ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကို လေးစားမှု၊ တန်ဖိုးထားမှုမရှိတဲ့သူတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ရရှိအောင် ကြိုးပမ်းမှုတွေကို ကိုယ့်ဟာကိုယ် ဖျက်ဆီးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု မရှိတဲ့အခါမှာ သင့်ရဲ့အတွင်းစိတ်ကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် သံသယတွေ၊ မယုံကြည်မှုတွေကနေတဆင့် အောင်မြင်ဖို့ရည်မှန်းချက်တွေ ရရှိမှာကို တားဆီးပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာကတော့ သင့်ရဲ့မသိစိတ်ကနေပြီးတော့ သင်အောင်မြင်မှုကိုရရှိတာ၊ ချမ်းသာတာဟာ အပြစ်ရှိတယ်လို့ ထင်မြင်ယူဆနေတတ်တာပါပဲ။ တစ်ချို့လူတွေဟာ အောင်မြင်မှုကို ရရှိဖို့လုပ်ရတာ ရှက်စရာကောင်းသလိုလို အပြစ်ရှိသလိုလို ခံစားတတ်ကြတယ်။ တစ်ခါတစ်လေကျရင် မကောင်းတဲ့ကံတွေပြီးရင် ကောင်းတဲ့ကံတွ အလိုလို လာမလိုလို လည်း ပြောတတ်ကြပါသေးတယ်။ အဲဒီလိုစကားတွေက ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ စကားလုံးတွေ အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ အဲဒါတွေဟာ ကိုယ့်ကိုယ်ကို အောင်မြင်အောင် ကြိုးစားမှုအတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ထင်တဲ့စိတ်တွေ၊ ရှက်ရွံ့တဲ့စိတ်တွေလည်း ဖြစ်ပြီး ရှေ့ဆက်သွားဖို့ မစဉ်းစားခင် အဲဒီစိတ်တွေကို အရင်ပြုပြင်ဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်တွေးတောခြင်းဟာ နောက်ထပ်အောင်မြင်မှုတွေရဖို့ သင့်ရဲ့ အရည်အချင်းတွေပေါ်မှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတွေပါပဲ။ ကျန်ခဲ့တဲ့ကာလတွေမှာ သင်ဘယ်လိုအခက်အခဲတွေကို ကြုံတွေခဲ့ရသလဲနဲ့ အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာတွေကို စဉ်းစားပါ။ သင့်အနေနဲ့ ယခင်က ကြုံတွေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့အချိန်၊ အောင်မြင်မှုတွေကို ရရှိတဲ့အချိန်တွေမှာ ဘယ်လိုခံစားရလဲ။ အခုနောက်ထပ်လိုချင်တဲ့ ရည်မှန်းချက်တွေကို ရရှိဖို့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့တွေကလည်း အရင်ဖြစ်စဉ်တွေ အတိုင်းပါပဲ။

ကိုယ့်ကိုယ်ကိုယ် အနှောက်အယှက်ပေးတဲ့ စိတ်တွေကို ဖယ်ရှားပစ်ဖို့ နောက်ထပ်လေ့ကျင့်ခန်းကတော့ အဲဒီစိတ်တွေကို အပြုသဘောဆောင်တဲ့စိတ်တွေနဲ့ အစားထိုးဖို့ပါပဲ။ သင့်ရဲ့အတွေးထဲမှာ အပျက်သဘောစိတ်တွေ ၀င်လာတာနဲ့ တန်းပြီး သတိထားမိအောင် လေ့ကျင့်ပြီး အပြုသဘောဆောင်တဲ့ စိတ်တွေနဲ့ အစားထိုးပါ။

========================

3. I don't have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

တိုနီရော်ဘင်ကပြောပါတယ်။ အခြားအရာတွေအားလုံးထက် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ ရဲ့ ဘ၀ပေးအခြေအနေတွေက ကျွန်တော်တို့တော်တော်များများ ရဲ့ ခရီးပန်းတိုင်ကို မသတ်မှတ်နိုင်ဘူး။ ကျွန်တော်တို့အများစုရဲ့ ဆင်ခြေတွေက ဟိုဟာမရှိလို့ ဒီဟာမရှိလို့ ဆိုတဲ့အပေါ်မှာ အခြေခံပါတယ်။ တစ်ချို့လူတွေက အခွင့်အရေးပိုရတယ်၊ ဗီဇအရပိုတော်တယ်၊ ပညာရေး၊ ပတ်ဝန်းကျင်၊ ငွေကြေးနဲ့ မိသားစုအနေအထားတွေမှာ သာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကို ရအောင်လုပ်သွားသူတွေမှာ ရှိတဲ့ အရင်းအမြစ်တွေဟာ သာမန်လူတစ်ယောက်ရဲ့ ဘ၀အခြေအနေနဲ့ မကွာခြားလှပါဘူး။ သူတို့မှာ ပိုမြင့်တဲ့ IQ မရှိဘူး၊ သူတို့ပညာပိုမတတ်ဘူး၊ သူတို့မှာ နောက်ခံအင်အား သင်တို့ထက်ပိုမရှိပါဘူး။ သူတို့မှာ အိပ်မက်ကြီးကြီးမက်ဖို့နဲ့ အဲဒါတွေကို ရအောင် လုပ်ဖို့ တိတိကျကျ နည်းလမ်းတွေကို ရိုးရိုးရှင်းရှင်းပဲ လေ့လာသင်ယူပြီး အသုံးချသွားကြတာပါ။

ဘ၀မှာ လုပ်ချင်တာတွေ လုပ်ဖို့ပဲ အချိန်တွေ လုံလုံလောက်လောက်ရှိပါတယ်။ အများအားဖြင့် အဖြစ်များကြတဲ့ ပြဿနာတစ်ခုက Goal Conflict ဆိုတဲ့ ဘာကိုလိုချင်မှန်း ကွဲကွဲပြားပြား မသိကြတာပါ။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ တစ်ပြိုင်တည်းမှာ တစ်ခုခုနဲ့တစ်ခု သဘောတရားမတူတဲ့ ရည်မှန်းချက်တွေထားရှိတာပါပဲ။ ဥပမာ - လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ စွန့်စားမှုလည်းမလုပ်ချင်ဘူး၊ လွတ်လပ်မှုလည်း လိုချင်နေတာမျိုးပါ။ ဒီလိုဖြစ်တာက တစ်ခါတစ်ရံမှာ သဘာဝကျတတ်ပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်ပဲ ဆင်ခြေပေးတဲ့အနေနဲ့လည်း သုံးတတ်ကြပါတယ်။ အချိန်ကို စီမံခန့်ခွဲခြင်း၊ ကိုယ့်ဘ၀မှာ တန်ဖိုးထားတဲ့အရာတွေကို သတ်မှတ်ခြင်းနဲ့ ကိုယ့်ဘ၀ကို အချိန်ကာလအလိုက် လုပ်ချင်တာတွေ သတ်မှတ်ခြင်း စတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်တာဟယ ဒီအခြေအနေမျိုးကို ကျော်လွှားနိုင်ပါတယ်။

တစ်ခုသတိရဖို့လိုတာက သင်ဘယ်အရာကို လိုချင်လိုချင် ရအောင်လုပ်နိုင်ဖို့ ရာခိုင်နှုန်းများပေမယ့် သင်လိုချင်သမျှ အရာအားလုံးကိုတော့ မရရှိနိုင်ပါဘူး။ သင့်အနေနဲ့ သင်လိုချင်တာကို ရဖို့ ကြာလွန်းတယ် ထင်တဲ့အချိန်မှာ အလွန်များပြားသော အောင်မြင်မှုရရှိသူတွေဟာ အသက်အရွယ်ကြီးလာတဲ့အထိ သူတို့လိုချင်တာကို အာရုံစိုက်လုပ်ရင်း ရရှိသွားကြတာကို မမေ့စေချင်ပါဘူး။

========================

4. It's too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

လူတစ်ယောက်ဟာ သူဖြစ်ချင်တာတွေကို သတ်မှတ်နိုင်ပြီထားဦး၊ အဓိက အဟန့်အတားကတော့ ဇွဲလုံ့လ ၀ီရိယနဲ့ကြိုးပမ်းအားထုတ်မှုမှ ပျက်ကွက်နေတာပါပဲ။ လူတော်တော်များများဟာ ပျင်းကြတယ်၊ ကျွန်တော်တို့ရဲ့ သဘာဝကိုက စိတ်ဖိစီးမှုများပြီး ရေရှည်အာရုံစိုက်ရမယ့် ကိစ္စတွေကို ရှောင်ရှားချင်ကြပြီး ချက်ချင်းလက်ငင်း ပျော်စရာကောင်းပြီး လွယ်ကူတဲ့ကိစ္စတွေကို အလေးသာတတ်ကြတယ်။ ကိုယ့်ကိုယ်ကို စည်းနဲ့ကမ်းနဲ့ နေဖို့လူတစ်ယောက်အတွက် အခက်ခဲဆုံးက ချက်ချင်းလက်ငင်း ပျော်ရွှင်မှုတွေက လက်ယပ်ခေါ်နေတဲ့အချိန်မျိုးမှာ တစ်ခုတစ်ခုကို စူးစိုက်ပြီး အာရုံပြုနေဖို့ပါပဲ။

တစ်ခုရှိတာက ဘ၀မှာ တန်ဖိုးထားရမယ့်အရာတွေကို ရရှိဖို့ဆိုရင် အလုပ်လုပ်ဖို့ လိုပါတယ်။ ခက်ခဲတဲ့ကာလတွေမှာ ကိုယ့်ရဲ့ အပျက်သဘောဆောင်တဲ့စကားတွေကို အပြုသဘောဆောင်တဲ့စကားနဲ့ အစားထိုးပြောင်းလဲခြင်းဟာ အရမ်းကို အကျိုးရှိတဲ့ကိစ္စဖြစ်ပါတယ်။ သင်လုပ်ရမယ့် အလုပ်တွေကို လမ်းရှည်တစ်ခု ခရီးစဉ်တစ်ခုလို့မြင်ကြည့်ပါ။ သင်အခုဘယ်နေရာကို ရောက်နေလဲ။ ဘယ်နေရာကို ဦးတည်ထားလဲ။ သင့်အနေနဲ့ ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင် အဲဒီလမ်းကြောင်းက သင့်ကို ဘယ်ကိုရောက်ရှိစေနိုင်မလဲ။ အကယ်၍ သင်လိုချင်တဲ့ အောင်မြင်မှုက အချိန်ယူပြီး ခက်ခဲမယ်ဆိုရင်တောင်မှာ သင့်ကိုယ်သင် သတိပေးရမှာက အဲဒီကိုသွားတဲ့လမ်းကြောင်းပေါ်မှာ ဆက်နေထိုင်ခြင်းရဲ့ တန်ဖိုးပါပဲ။ ခက်ခဲတဲ့အရာဆီကို သွားလိုက်ရင် ခက်ခဲတာ မရှိတော့ဘူးဆိုတဲ့စကားရှိပါတယ်။ အဲဒါက ဘာကိုဆိုလိုလဲဆိုတော့ ရှေ့ဆက်သွားဖို့အတွက် လူတစ်ယောက်အနေနဲ့ သူ့ရဲ့အတွင်းမှာရှိတဲ့ နက်ရှိုင်းတဲ့အားအင်တွေကို အသုံးပြုရမယ်ဆိုတာပါပဲ။ ခက်ခဲတဲ့ကာလတွေအတွက် ကြီးမားတဲ့ သတ္တိတွေ ဆုံးဖြတ်ချက်တွေ၊ ကျားကုတ်ကျားခဲ ကြိုးစားရမှုတွေ၊ ကျောထောက်နောက်ခံရှာထားရမှုတွေလည်း လိုအပ်ပါတယ်။ မိမိကို အမှန်တကယ်စေတနာရှိသူတွေရဲ့ အထောက်အပံ့တွေ၊ ကျိုးကြောင်းဆီလျော်စွာဆွေးနွေးပေးမှု၊ အားပေးမှုတွေကလည်း ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။

========================

5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

အရည်အချင်းရှိပြီး ပါးနပ်တဲ့လူတွေ တစ်ခါတစ်ရံမှာ ဘာကြောင့် သူတို့ကိုယ် သူတို့ ပျက်စီးစေမယ့် မိုက်မဲတဲ့အရာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဘ၀ရဲ့အစိတ်အပိုင်းအချို့မှာ အောင်မြင်အောင်လုပ်နိုင်ပြီး နောက်ပိုင်းမှာ မိမိကိုယ်ကိုယ်ဖျက်ဆီးသလိုဖြစ်သူတွေ၊ ကျောင်းမှထွက်ရသူတွေ၊ အလုပ်ပြုတ်သူတွေ၊ အဖမ်းခံရသူတွေ၊ မိသားစုကို ဆုံးရှုံးရသူတွေ၊ စီးပွားပျက်သူတွေ၊ စွပ်စွဲပြစ်တင်ခံရပြီး မျက်နှာပေးခြင်း မခံရတော့သူတွေမှာ တူညီမှုတွေရှိနေကြောင်းကို လေ့လာဆန်းစစ်သူတွေက တွေ့ရှိခဲ့ကြပါတယ်။

သူတို့မှာရှိတဲ့ အခြားသူတွေအပေါ်ဘယ်လိုထိခိုက်လဲ မစဉ်းစားဘူး၊ အခြားသူတွေရဲ့ အကြံဥာဏ်၊ သဘောထားတို့ကို ဂရုမစိုက်ဘူး မိမိယူဆတဲ့လမ်းအတိုင်းပဲလုပ်မယ်ဆိုတဲ့ စိတ်နေစိတ်ထားဟာ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြဿနာအများအပြားဟာ မိမိစဉ်းစားတဲ့လမ်းကြောင်းအတိုင်း လုပ်ကိုလုပ်မယ်ဆိုတာကို လိုတာထက်ပိုဆုံးဖြတ်ထားတဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအယုအဆဟာ တစ်ကိုယ်ကောင်းဆန်မှု၊ ပုန်ကန်လိုမှု၊ ခေါင်းမာမှု၊ တစ်ကိုယ်တည်းနေမှု၊ စိတ်မရှည်မှု၊ မဖြစ်မနေလုပ်ရမှု၊ မူးယစ်ဆေးဝါးစွဲနေမှု စသည်တို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများကနေ ပေါ်ထွက်လာတတ်ပါတယ်။

ဘယ်လိုအကြောင်းရင်းကြောင့်ပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သင်ဟာ ဘယ်သူ့အကြံဥာဏ်မှ မယူပဲ၊ မည်သူ့ သဘောထားမှ မစဉ်းစားပဲ၊ အခြားသူများကို ထိခိုက်နိုင်မှုကိုပါ ဂရုမစိုက်ပဲ သင်ရွေးချယ်တဲ့လမ်းကိုသာ ရွေးချယ်ပြီးတော့ သင်လိုချင်တဲ့အရာကို ရမယ်လို့ စဉ်းစားနေပြီဆိုရင် အဲဒါဟာ အရေးကြီးတဲ့ အကြောင်းအရာဖြစ်နေပါပြီ။

========================

6. They don't want me to ...
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

သင့်ကိုယ်သင်မကြာခဏမေးသင့်တဲ့ မေးခွန်းတစ်ခုက သင်ဟာသင် အမှန်တကယ်လိုချင်တဲ့ ဘ၀မှာ နေနေတာလား၊ အခြားသူတွေ သင့်ကိုဖြစ်စေချင်တဲ့ ဘ၀မှာ နေနေတာလား။ ဒီမေးခွန်းကို ဖြေဖို့ ပျက်ကွက်တာဟာ သင့်ရဲ့အောင်မြင်အောင်ပြုလုပ်မည့် အစီအစဉ်တစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။

အခြားသူတွေအပေါ် အလွန်အမင်းထည့်သွင်း စဉ်းစားခြင်းဟာ သင့်ရဲ့ စိတ်အားတက်ကြွမှုနဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ နှောင့်နှေးကြန့်ကြာစေပါတယ်။ ဒါ့အပြင် အဲဒါဟာ သင့်ဟာသင်မလုပ်တာကို အခြားသူတွေကြောင့်ဆိုပြီး စွပ်စွဲပစ်တင်နေဖို့ ဖြစ်စေပါတယ်။ သင်အောင်မြင်ရင် အခြားသူတွေ မနာလိုဖြစ်မှာ စိတ်ဆိုးမယ်၊ စိတ်မကောင်းဖြစ်မယ်၊ အလွန်အမင်း ဆင်းရဲချို့တဲ့သွားမယ် ဆိုတဲ့ မဆီမဆိုင် အကြောင်းပြချက်တွေနဲ့ပါ။ အဲဒီအကြောင်းပြချက်တွေဟာ သင့်ရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းအားကို ကန့်သတ်ထားပါတယ်။ အချို့သူတွေက သင့်ရဲ့ ရှုံးနိမ့်မှုတွေကို ပြစ်တင်ရှုံ့ချတတ်တယ်ဆိုရင် ဒီလိုလူတွေက သင့်ရဲ့ အောင်မြင်မှုကို တားဆီးထားမယ့်သူတွေပါပဲ။ ဒါကို လက်ခံမယ်ဆိုရင် သင်ဟာ သင့်ရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အခြားသူတွေကို လွှဲအပ်ထားသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကို လုံးဝဖျက်ဆီးပစ်တာနဲ့ တူတူပါပဲ။

လူသားတွေမှာ ရှိတဲ့ ကြီးမားတဲ့ လိုအပ်ချက်တစ်ခုဟာ အခြားသူတွေဆီက ခွင့်ပြုချက်တောင်းယူတာပဲ။ အခြားသူတွေ ခွင့်မပြုမှာကို စိုးရိမ်တာက ကိုယ့်ကိုယ်ကို ကြီးကြီးမားမား ဖျက်ဆီးခြင်းတစ်မျိုးဖြစ်ပါတယ်။ အခြားသူတွေ သင့်ကို ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်စိတ်ကြောင့် သင်ရှေ့မတိုးနိုင်တဲ့အချိန်မှာ သင့်ဘ၀သင် တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ထားတဲ့စိတ်ဟာ အခြားသူတွေဆီက ခွင့်ပြုချက်ရယူမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ အတင်းအကျပ် အစားထိုးခြင်း ခံရပါတယ်။ သင့်ဘ၀မှာ ရှိတဲ့သူအများစုဟာ သင့်ကို ကူညီချင်ကြပါတယ်။ ပြီးတော့ သင့်ကို ဘယ်လိုကူညီရမယ်ဆိုတာကို သဘောမပေါက်ကြပါဘူး။ သင့်အနေနဲ့ သင့်မိသားစု၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အခန်းဖော်များကို သင့်ကို ဘယ်လိုကူညီတာ အကောင်းဆုံးဖြစ်မယ်ဆိုတာ သင်ပြပေးလို့ ရပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေအပြင် Personal Coaches, Counselors, Mentors, Teachers စသူတွေကို ရှာဖွေ အကြံဥာဏ်ယူခြင်းဟာလည်း သင့်အတွက် အထောက်အကူဖြစ်မှာပါ။

========================

7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ

ကြောက်စိတ်ဟာ အောင်မြင်မှုအတွက် နံပါတ် ၁ အဖျက်သမားဖြစ်ပါတယ်။ ကြောက်စိတ်ရှိနေတာဟာ အကြောင်းရင်းရှိပါတယ်။ ဘေးရန်များမှ ကာကွယ်ပေးဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေဟာ အကြိမ်တော်တော်များများမှာ လိုအပ်တာထက်ပိုပြီး ပြင်းထန်ပါတယ်။ လူတော်တော်များများဟာ ဘာကိုကြောက်လို့ကြောက်မှန်း မသိတာပါ။ သူတို့တွေ ပြောင်းလဲမှုတွေကိုကြောက်ကြတယ်။ ရှုံးနိမ့်မှု၊ အောင်မြင်မှု၊ ခွင့်ပြုချက်မရမှု၊ အပြစ်တင်ခံရမှု၊ နာကျင်မှု နဲ့ ရုန်းကန်ရမှုတွေပါ။ ကြောက်ရွံ့ခြင်းဟာ လူတွေကို မပျော်ရွှင်မှုနဲ့ အဆင်မပြေမှုတွေမှာ ဆက်ပြီးရှိစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲမှုဟာ အခုလက်ရှိအခြေအနေထက် ပိုဆိုးကောင်းဆိုးသွားနိုင်တဲ့ ဘာမှန်းမသိတဲ့အခြေအနေကို ဦးတည်တယ်လို့ လူတွေက နားလည်ပါတယ်။ သင့်ရဲ့ကြောက်ရွံ့ခြင်းတွေဟာ ယုတ္တိရှိချင်ရှိရှိမယ်၊ မရှိချင်မရှိပါဘူး။ သင့်အနေနဲ့ အမှန်တကယ် စွန့်စားရမှုဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာကို သိနိုင်ဖို့ အမှန်တကယ်ရှိနေတဲ့ အခြေအနေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

မိမိအမြင်တွေကို ပြန်လည်ပြောင်းလဲယူခြင်းဆိုတဲ့ နည်းစနစ်က ရှုံးနိမ့်မှုဆိုတဲ့စကားလုံးကို အတွေ့အကြုံမှ သင်ယူခြင်းဆိုတဲ့ စကားလုံးနဲ့ အစားထိုးပါတယ်။ တစ်နည်းပြောရလျှင် ရှုံးနိမ့်မှုဆိုတာဟာ သင်လိုချင်တဲ့ရလာဒ်ကို မရတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး ကြောက်စရာကောင်းတဲ့ ယုံကြည်မှုတစ်ခုကတော့  ငါမအောင်မြင်ခဲ့ဘူး၊ အဲဒါကြောင့် ငါဟာ မအောင်မြင်တဲ့သူပဲလို့ မြင်တာပါ။ အတွေ့အကြုံမှ သင်ယူခြင်းဆိုတဲ့ စကားလုံးကို သုံးရတဲ့ ရည်ရွယ်ချက်ဟာ ရှုံးနိမ့်မှုဆိုတာဟာ ခရီးလမ်းဆုံးတစ်ခုမဟုတ်ပဲ ကြီးမားတဲ့ အောင်မြင်မှုကို သွားတဲ့လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို သင့်ကို နားလည်စေချင်တာပါပဲ။  ဒီအယူအဆဟာ အောင်မြင်မှုအတွက်လည်း အသုံးပြုလို့ရပါတယ်။ သင့်ရဲ့လက်ရှိအောင်မြင်မှုတွေဟာ ခရီးလမ်းဆုံးမဟုတ်ပဲ အခြားပိုမြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူဖို့ ခရီးမှတ်တိုင်တွေဖြစ်ပါတယ်။

ရှုံးနိမ့်ခြင်း၊ မအောင်မြင်ခြင်းတွေအပေါ်မှာ စိုးရိမ်စိတ်တွေကို စိတ်ရှည်ခြင်း၊ အချိန်ယူကြိုးစားခြင်းနည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့အလုပ်ကလေးတွေမှာ အောင်မြင်မှုလေးတွေ လေးစားလောက်စရာ စပြီးရလာပြီဆိုရင် သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေဟာ မြင့်တက်လာနိုင်ပြီး ပိုမိုကြီးမားတဲ့အောင်မြင်မှုတွေဟာ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပါတယ်။ မိမိရည်မှန်းချက်ကို ရအောင်လုပ်မယ်လို့ ဆုံးဖြတ်ခြင်းဟာ အဲဒီ ရည်မှန်းချက်အမှန်တကယ်ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသေးသည်ဖြစ်စေ မိမိကိုယ်ကို လေးစားကြည်ညိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ အရည်အချင်းတွေအပေါ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်လာလေလေ ပိုပြီးကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်လေလေပါပဲ။

တစ်ကြိမ်ဖတ်ရုံ Share ရုံထက် တစ်နေရာရာမှာ ကူးထားပြီး စိတ်ဓါတ်ကျတိုင်း ပြန်ဖတ်ရင် အကျိုးရှိမယ်ထင်ပါတယ်။ ညီ၊ ညီမအရွယ် လူငယ်တွေအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်လို့ အချိန်မရတဲ့ကြားထဲက ကြိုးစားပြီး တင်ပေးလိုက်ပါတယ်။ 

မေတ္တာဖြင့်

Naing Win Aung, MBA (UK)
Certified NLP Master Coach
Certified NLP Master Practitioner
Certified Trainer

Managing Director
Breakthrough Company Limited

30.1.2016
#KoNaingGyiNotes