သားမငိုတော့ပါဘူး
.................................
လောကကြီးရဲ့အလှနဲ့မေမေ့ရဲ့မျက်နှာလှလှမြင်ရဖို့
မေမေ့ဝမ်းထဲကကျွန်တော်တိုးထွက်လာခဲ့ပြီမေမေ...
လေပြေကအေးကနဲအတိုက်မှာ
လန့်ဖြန့်ပြီးအော်လိုက်မိတယ်...
မျက်လုံးကိုအားယူဖွင့်ကြည့်တော့
အလင်းရောင်ကစူးရှလွန်းတယ်
ကျွန်တော့်ကိုမွေးထုတ်ပေးခဲ့တဲ့မေမေ့ကို
လည်းမြင်ချင်မိတယ်...
ကျွန်တော့်ကိုယ်ခန္ဓာကိုပွေ့ဖက်လိုက်တယ်ဆိုတဲ့အသိတစ်ခုနဲ့နွေးထွေးမှု
သေချာတယ် ဒါမေမေပဲ...
မမြင်မစမ်းနဲ့လက်လှမ်းမှီတဲ့နေရာတွေစမ်းမိတယ်
နူးညံ့တဲ့ရင်ခွင်တစ်ခု
သေချာတယ် ဒါမေမေပဲ...
ဝမ်းသာခြင်းကအတိုင်းထက်အလွန်
မျက်ခွံတွေဖွင့်မရသေးပေမယ့်
မေမေ့ရဲ့ရင်ခွင်ထဲမှာဆိုတဲ့အသိ
သားကျေနပ်နေမိတယ်မေမေ...
သားရဲ့ခန္ဓာကိုယ်ကို
မေမေ့ဝမ်းဗိုက်ထဲကနာကျင်မှုများစွာနဲ့
ညှစ်ထုတ်ပေးခဲ့ရလို့
ပင်ပမ်းနေပြီလားမေမေ...
သားအသက်ရှင်ဖို့မေမေအသက်ရှူရပ်မတတ်
အားနဲ့မွေးထုတ်ပေးခဲ့တာ
မေမေ့ရဲ့သွေး၊ပင်ပမ်းမှုနဲ့ကျခဲ့တဲ့ချွေးစက်တွေ၊
နာကျင်မှုနဲ့ကျခဲ့တဲ့မျက်ရည်တွေ
အရာအားလုံးကသားအတွက်တဲ့လား...
လူဖြစ်ခွင့်ရလို့ဝမ်းသာခြင်းနဲ့
သားကိုမွေးဖွားတဲ့အချိန်အသက်ရှူရပ်တမျှ
ခံစားရတဲ့မေမေ့ရဲ့ဝေဒနာတွေအတွက်
စိတ်မကောင်းခြင်းတို့ရောယှက်
ကျွန်တော်ငိုခဲ့မိတယ်...
စိတ်ချပါမေမေ...
နောင်တချိန်မေမေ့ရဲ့အပြုံးတွေဝေဖို့အတွက်
သားရဲ့ငိုသံဟာ ဒီတစ်ခါနောက်ဆုံးပါ...
မေတ္တာတရားတွေလွှမ်းနေမယ့်
မေမေ့ရဲ့မျက်နှာ အရမ်းမြင်ချင်လိုက်တာ...
ဂရုဏာတရားနဲ့ပြည့်နှက်နေမယ့်
မေမေ့ရဲ့စကားသံတွေလည်း
သားကြားချင်သေးတယ်မေမေ...
သားပြောနေတဲ့စကားတွေ မေမေကြားရဲ့လားဟင်...
ပြောနေမိတဲ့စကားတွေအစားငိုသံတွေပဲကြားမိတယ်
မေမေ...
ရုတ်တရက်အေးစက်တဲ့အထိအတွေ့နဲ့
ကျွန်တော့်ရဲ့ကိုယ်ခန္ဓာပေါ်လွှမ်းလာတဲ့ရေတွေ...
သြော်....အခုမှမေမေ့ဝမ်းထဲကထွက်လာလို့
ကျွန်တော့်ခန္ဓာကိုယ်မှာပေရေနေတာတွေကို
ရေနဲ့ဆေးပေးမလို့လားမေမေ...
ခုချိန်ကတည်းကမေမေ့ရဲ့ကြင်နာမှုအတွက်
ကျွန်တော်ဝမိးသာမိပါရဲ့မေမေ...
ကျေးဇူးပါမေမေရယ်....
ပြောလိုက်မိတဲ့စကားသံ
လေထဲမှာပျံ့လွင့်...
ဟင်....မေမေ့ဆီကဘာသံမှမကြားရ
ရေရဲ့အေးစက်မှုကလည်းရပ်မသွား...
သားချမ်းလှပြီမေမေရေ...
စောစောကပိုက်ထွေးခဲ့တဲ့ရင်ခွင်ကိုမှန်း
လက်လှမ်းမိသမျှကလေဟာနယ်...
မေမေရယ် ဘယ်ရောက်နေလဲ...
သား တကိုယ်လုံးအေးစက်လှပြီ
မေမေ့ရဲ့ရင်ခွင်ထဲမှာနွေးပါရစေမေမေ...
အမြန်လာပါတော့နော်...
ရေရဲ့အေးမြခြင်းတွေက ဆတိုး
ခန္ဓာကိုယ်လည်းထုံကျင်လှပြီ
ရှူသွင်းနေတဲ့လေတွေကလျော့နည်း
အသက်ရှူရတာလည်းမဝတော့ဘူး...
မေမေရေ...မေမေ...
အသက်ရှူရတာပင်ပမ်းလိုက်တာမေမေ...
သားကိုမွေးဖွားနေတဲ့အချိန်မေမေလည်း
အဲလိုပဲခံစားရမှာပေါ့နော်...
သားအတွက်နဲ့မေမေပင်ပမ်းခဲ့ရတာတွေ
ကျေးဇူးပြန်ဆပ်ပါ့မယ်မေမေရယ်...
မေမေ့အတွက်သားရှင်သန်ချင်တယ်...
သားငိုတာမကြိုက်လို့စိတ်ဆိုးနေတာလားမေမေ...
မေမေမကြိုက်ရင်သားမငိုတော့ဘူးနော်...
မေမေ့စကားသားနားထောင်ပါ့မယ်...
မေမေပြုံးဖို့သားကြိုးစားပါ့မယ်...
မေမေ့ကိုချစ်တယ်...
မေမေလည်းသားကိုချစ်တယ်မဟုတ်လား...
အခုလိုထားမသွားပါနဲ့မေမေ...
သားမေမေနဲ့နေချင်လို့ပါ...
မေမေမကြိုက်တဲ့ငိုသံ
သားအလုပ်တော့ပါဘူးမေမေ...
ခန္ဓာကိုယ်တစ်ခုလုံးအေးစက်
အသက်ရှူရတာခက်ခဲ
ကျွန်တော်အခုထိရေထဲမှာ
ကြင်နာမှုပြည့်ဝတဲ့မေမေရဲ့ရင်ခွင်ကိုတောင့်တ...
မေမေရယ်လာခေါ်ပါတော့...
သား...မ..ငို..တော့..ပါ...ဘူး...။။။
Credit to Original
Thursday, March 10, 2016
သားမငိုတော့ပါဘူး
Tuesday, March 8, 2016
ရဟန်းနှင့် ဆက်ဖီ(Selfie)
ရဟန်းနှင့် ဆက်ဖီ(Selfie)
==================
(၁)
မိုဘိုင်းကင်မရာကို ကြေမုံပြင်သဖွယ် ရွဲ့စောင်းတည့်မတ်ချိန်သားကိုက်အောင် ကြည့်မိသည့်ခဏ
သရိုးသရီစိတ်ဝင်သွားသည်။
အယ်....။ တစ်စုံတစ်ယောက်များ မြင်သွားရော့လား...။
ဘေးဘီဝဲယာကို စူးစမ်းမိတော့ သူတစ်ကိုယ်တည်း..။ ဘုရားစောင်းတန်းအတက် အမှတ်တရဓါတ်ပုံတစ်ပုံ ဖြတ်ကနဲ ရိုက်ပြီးသည့်နောက် စေတီပရိဝုဏ်ရှုခင်းနောက်ခံနှင့် သူ့အရိပ်ကို သူသိမ်းဆည်းထားချင်သည့် စိတ်က သွေးတက်လာသည်။
ဓါတ်ပုံရိုက်ပြီဆိုမှတော့အချိုးပြေမှ ဖြစ်မည်။ တင့်တယ်သော ရဟန်းအသွင်သမဏသာရုပ္ဗဖြစ်အောင် ပြုပြင်ချိန်ရွယ်နေရသည်ကိုက လူမြင်ကွင်းတွင် ရယ်ရွှင်ပြုံးတုံ့ဖြစ်စေမည်ထင်သည်။ သဒ္ဓါအားကောင်းလျင် နားလည်ပေးနိုင်မည်ဖြစ်သော်လည်း သံသယကြီးစွာ စောကြောတတ်သူများအတွက်တော့ ကဲ့ရဲ့ပြစ်တင်ဖွယ်ဖြစ်ချေမည်။
ဘုန်းကြီးတန်မဲ့ ဆိုသော စကားအရွဲ့ကို မကြာခဏကြားရတတ်သည်မဟုတ်လား..။
သာသနာတော်ကို မကြည်ညိုသေးသောသူများ အသစ်ကြည်ညိုခြင်းထက် ကြည်ညိုပြီးသူအဟောင်းများ
နောက်ဆုတ်မသွားစေရ..။
နည်းပညာမြင့်မားလာမှုက အလိုနည်းစွာ ကျင့်သုံးရသော ကျောင်းပရိဝုဏ်များ၏ အရောင်အဆင်းကိုပါ ပြောင်းလဲစေသည်မှာ ငြင်းမရ။
ဂြိုဟ်တုရုပ်သံ၊အဆင့်မြင့်ကွန်ပြူတာ၊အ၀တ်လျှော်စက်၊ရေခဲသေတ္တာ၊အအေးပေးစနစ်၊ဗားရှင်းအသစ်မိုဘိုင်းဖုန်းနှင့် နောက်ဆုံးပေါ်ကားများသည် ကျောင်းပရိဘောဂနှင့် ပရိက္ခရာအသစ်များဖြစ်လာသည်။
ထိုအရာများ ပိုင်ဆိုင်လာခြင်းကိုပင် ဘုန်းကံကြီးမားခြင်းဟု ကောင်ချီးနုမော်သာဓုခေါ်ဆိုရသကဲ့သို့ ထိုအရာများလှူဒါန်းခြင်းသည်လည်း အချိန်အခါသင့်လှူဒါန်းသောကာလဒါနဖြစ်လာလေသည်။
သို့သော် သုံးဆောင်သောရဟန်း၏ လောကီယိမ်းသောအမူအရာကို ကြည့်၍ နှာခေါင်းရှုံခြင်းများ ရှိနိုင်သလို လောကုတ္တရာသာသနာပြုလမ်းခရီးအတွက် အထောက်အပံ့ပစ္စည်း ဟု ယုံကြည်မြတ်နိုးကာ ထပ်တိုးလှူဒါန်းကြသည်လည်း တွေ့ရပေမည်။
(၂)
ပုထုဇဉ်တို့၏ သဒ္ဓါတရားက အံ့သြဖို့ကောင်းသည်။
အမြတ်နိုးဆုံးအရာကို အကြည်ညိုဆုံးဘုရားရဟန္တာနှင့် တပည့်သာဝကတို့အား လှူဒါန်းလိုကြသည်။ အနှိုင်းမဲချမ်းသာကို အနှိုင်းမဲ့အလှူဖြင့် တံတားခင်းလိုခြင်းဖြစ်သည်။
ဝေလာမပုဏ္ဏား၏ ထမင်းရေချောင်းစီးအလှူနှင့် ပသေနဒီကောသလမင်းနှင့် မလ္လိကာမိဖုရားမောင်နှံတို့ ၏ အသဒိသဒါနပွဲတော်များသည် ထိုသဘောကို ဆောင်သည်။
သို့နှင့် ထူးခြားမွန်မြတ်သော လှူဖွယ်တို့ ကျောင်းဝိဟာသို့ ရောက်လာကြလေသည်။
ရွှေငွေကျောက်သံပတ္တမြားတို့ဖြင့် စီခြယ်အပ်သောအသုံးအဆောင်တို့သည် သေနာသနိကဘုရားကျောင်းဘဏ္ဍာများ ဖြစ်လာကြ၏။ ခေါမတိုင်း ကာသိတိုင်းဖြစ် ပိုးဖဲကတ္တီပါအ၀တ်အထည်များသည် သင်္ကန်လျာများဖြစ်လာကြသည်။
ခဲဖွယ်ဘောဇဉ်အမျိုးမျိုးနှင့် တန်ဖိုးကြီးဆေးဝါးဓါတ်စာများသည် ဘေသဇ္ဇဆေးအထောက်အပံ့ဖြစ်လာကြလေသည်။
အသမ္ဘိဏ္ဏခတ္တိယမဟာသွေးအစစ်ဖြစ်သော ဗုဒ္ဓအရှင် လွှတ်ချခဲ့သည့် မင်းမြှောက်တန်ဆာများသည်ပင် ပဒေသရာဇ်ဧကရာဇ်တို့၏ ၀ဋ်ေ မျှာ်ကုသိုလ်အဖြစ် ရုပ်ပွားဆင်းတုတော်များ၏ ကိုယ်တော်ကို လွှမ်းခြုံစေတော့သည်။ သစ်ခက်တဲတောရကျောင်းသင်္ခမ်းဖြင့် စသော ဘုရားကျောင်းကန်များသည် စုလစ်မွန်းချွန်ထုပိကာတို့ဖြင့် နန်းဆန်လာခဲ့သည်။
ခေတ်အဆက်ဆက်အသွင်အခြင်းအရာမတူသော်လည်း ပရိက္ခရာရှစ်ပါးထက် ပိုလွန်လှူဒါန်းခဲ့သည်မှာ သေချာလှသည်။
(၃)
ပထမဆုံးမြင်ဖူးသော ခေတ်ပေါ်ပရိက္ခရာမှာ သူ့ငယ်ဆရာ ရွာဦးကျောင်းဘုန်းတော်ကြီး၏ နေရှင်နယ်အမျိုးအစားရေဒီယိုလေးတစ်လုံးဖြစ်သည်။ အသက်သုံးဆယ်အရွယ်ဆရာဘုန်းတော်ကြီးက ပြည်တွင်းပြည်ပသတင်းနှင့် ပြည်နယ်တိုင်းဘောလုံးပွဲများကို နားထောင်လေ့ရှိသည်။ ၀ါတွင်းလပြည့်လကွယ်နေ့များတွင် ရွှေမန်းတင်မောင်၏ ဇာတ်ထုပ်များကို တစ်ကျောင်းလုံးနားထောင်ကြရသည်။
သို့သော် အခြားကျောင်းမှ ထေရ်ကြီးဝါ
ကြီးဆရာတော်များ ကြွလာလျင်တော့ ရိုသေသမှုဖြင့် သိမ်းဝှက်ထားလေ့ရှိသည်။
ရေဒီယိုနားထောင်ခြင်းကို ရှက်နိုးဖွယ်တစ်ခုအဖြစ် ယူမှတ်တော်မူခြင်းဖြစ်သည်။
အခြာအသုံးအဆောင်များကတော့ မီးစက်ကြီးဟောင်းကြီးတစ်လုံးနှင့် ရှေးဟောင်းသံပတ်ပေးတိုင်ကပ်နာရီအမျိုးမျိုးဖြစ်သည်။
မီးစက်ဟောင်းကြီးရောက်လာသည့်ညက တစ်ကျောင်းလုံး ပျော်ရွှင်တက်ကြွနေကြသည်ကို မှတ်မိ၏။ ဆန်ကြီတ်စက်အဖြစ်နှစ်ပေါင်းများစွာ အသုံးပြုပြီးသော မီးစက်ကြီးသည် ဆရာဘုန်းကြီး၏ ပီတိနှင့် ကျောင်းနေရဟန်းသာမဏေတို့၏ မျှော်လင့်ချက်ကို တစ်လခန့်အကြာတွင် ဖျက်ဆီးပစ်လိုက်၏။ မည်သို့မျှ နှိုးလို့မရအောင် အိပ်စက်သွားခြင်းပင်..။ တိုင်ကပ်နာရီကြီးများကိုတော့ ဆရာဘုန်းကြီးအပါအ၀င် ရဟန်းတော်များနှင့် ကိုရင်ကြီးများက သံပတ်ပေးကြရသည်။
သူတို့လို ကိုရင်ချာတိတ်များက တဂျိဂျိသံပတ်ပေးသည်ကို မော့မော့ကြည့်ရသည်။
နာရီမှန်အောင် ကြည့်တတ်ခြင်းသည် တောကျောင်းကိုရင်ကျောင်းသားများအတွက် ဂုဏ်တစ်ခုဖြစ်သည်။
(၄)
ရှင်ငယ်ဘ၀မှာတော့ တပ်မတော်အစိုးရကိုယ်တိုင် ရုပ်မြင်သံကြားစက်များ လှူဒါန်းနေသည်ကို သတင်းစာများတွင် ဖတ်ရ၏။ ဂျူနီယာဘုန်းတော်ကြီးငယ်တို့ မျက်နှာပူဖွယ်မလိုတော့ပြီ။ ခေတ်ပေါ်ပစ္စည်းဟူသည် နိုင်ငံတော်အဆင့်ကုသိုလ်ဝတ္တုဖြစ်ချေပြီမဟုတ်လား..။
သို့နှင့် နှစ်အနည်းငယ်အတွင်းမှာပင် နိုင်ငံအနှံ့ ကျောင်းကန်ဝိဟာများ၏ ပရိဘောဂဘဏ္ဍာစာရင်းတွင် ဖြူမဲ၊ ရောင်စုံရုပ်သံစက်များက ထင်းထင်းကြီး နေရာဝင်ယူတော့သည်။ တောင်ကျောင်းဘုန်းကြီးဒကာတို့က ရုပ်သံစက်လှူလျင် မြောက်ကျောင်းဂေါပကအဖွဲ့က ဂြိုဟ်တုစလောင်းတပ်ဆင်ရေး ဆွေးနွေးကြရပေတော့မည်။ ရွာဦးကျောင်းထိပ်တွင် ရုပ်သံအေရိယယ်တိုင်လေးမှ ထောင်မထားနိုင်လျင်၊ စလောင်းဖုံးလေးမှ ဆင်မထားနိုင်လျင် သာသနာပွင့်လင်းသည် မမည်..။ ဒကာတို့က တာဝန်မကြေ ဟု ခံစားကြရဟန်ပင်..။
အမှန်တကယ်ပင် သုံးစွဲသူရဟန်း၏ အဇ္ဈာသယအလိုအတိုင်း ထိုအရာများသည် တန်ဖိုးအနိမ့်အမြင့်၊ အပေါင်းအနှုတ်ကွာခြားသွားပေမည်။ တန်ဖိုးမဖြတ်နိုင်သော မီးသည်ပင် မျောက်တစ်ကောင်၏ လက်ထဲတွင် အန္တရာယ်ဟုန်းဟုန်းတောက်သွားနိုင်သည်မဟုတ်လား..။
ရုပ်သံစက်များသည် သုတများစွာကို ပေးသည်။
လူနှင့် ခေတ်ကို မျက်ခြေမပြတ်အောင် ချိတ်ဆက်ထားသည်။
အပြောင်းအလဲများစွာ၏ အရွေ့ကို သတိပေးသည်။ ဒေသတွင်းနှင့် ကမ္ဘာ့ယဉ်ကျေးမှုများစွာကို လေ့လာရန် မုခ်ဦးတစ်ခုဖြစ်သည်။ ပညာယန္တရားတစ်ခုအဖြစ် အသုံးပြုလျင် ရုပ်သံစက်များသည် အပြစ်ကင်းပေမည်။ သက္ကတဘာသာဖြင့် ရုပ်သံစက်ကို အဝေးမြင်ကိရိယာ ဒူရ်ဒါရ်ရှန် (Durdarshan) ဟု ဆိုသည်။(ပါဠိဘာသာဖြင့် ဒူရဒဿန၊ ဒူရ-အဝေး၊ ဒဿန-မြင်ခြင်း ဟု အဓိပ္ဗါယ်ရသည်။ )ကျောင်းသင်္ခန်းလေးအတွင်းမှာ သီတင်းသုံးရင်း
ဒိဗ္ဗစက္ခု(နတ်မျက်စိ)ဥာဏ်အမြင်မလိုဘဲ ရုပ်သံစက်ဖြင့် အဝေးမှ အဖြစ်အပျက်များကို ရှုမျှော်နိုင်ခြင်းပင်..။
တရိပ်ရိပ်မြင့်မားလာသော နည်းပညာအရွေ့ကြီးနှင့် အတူ ကွန်ပြူတာစက်များ ကျောင်းသင်္ခန်းအတွင်းသို့ ရောက်လာကြပြန်သည်။ တံခါးအထပ်ထပ်ပိတ်၍ သော့အထပ်ထပ်ခတ်ထားသော သာသနာ့တက္ကသိုလ်စာကြည့်တိုက်ရှိ ကွန်ပြူတာခန်းကို သူတို့ ချောင်းကြည့်ခဲ့ရဖူးသည်။
ပိဋကတ်လေ့လာရေးအတွက် အလွန်အသုံးဝင်သော ကွန်ပြူတာကို အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ဆန်ဖရန်စစ္စကိုမြို့တော်မှ ကြွလာသောထေရ၀ါဒတက္ကသိုလ်ပထမဆုံးပါမောက္ခချုပ်ဆရာတော်ကြီးကိုယ်တိုင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
“ ဗုဒ္ဓေါ” ဆိုတဲ့ ပုဒ်ကလေး ပိဋကတ်သုံးပုံထဲမှာ ဘယ်နှစ်လုံးပါဝင်သလဲ.. ဘယ်ကျမ်းတွေမှာ ဖော်ပြထားသလဲ .. ဘယ်လို အဓိပ္ဗါယ်ဖွင့်သလဲ ဆိုတာ စာအုပ်တွေထဲ လိုက်ရှာရင် နေ့တွေ လတွေတောင် ကြာသွားမယ်...။ ဟောဒီကွန်ပြူတာလေးထဲမှာ ထည့်ထားတဲ့ ပိဋကတ်သုံးဆော့ဖ်ဝဲဖွင့်ရှာလိုက်ရင် စက္ကန့်ပိုင်းအတွင်း အဖြေသိနိုင်တယ်..”
ဆရာတော်ဘုရားကြီး၏ လက်ပ်တော့ကွန်ပြူတာသေးသေးကိုပင် မဟာဘွဲ့နှင်းဓမ္မာရုံကြီးတွင် တရုတ်စွယ်တော်ဖူးသကဲ့သို့ တိုးဝှေ့ငေးခဲ့ရ၏။
အော် ကွန်ပြူတာ တဲ့..။ လက်ပ်တော့ တဲ့...။
(၅)
သာသနာ့တက္ကသိုလ်လေးနှစ်ပြီးဆုံး၍ နယ်စပ်ဒေသနှင့် တောင်တန်းသာသနာပြုနှစ်နှစ်တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ဆက်တက်ခဲ့သည်။ ကွန်ပြူတာပိုင်သော မိတ်ဆွေရဟန်းတော်များက သူ့ကို ကွန်ပြူတာအသုံးပြုရန် တွန်းအားပေးခဲ့သည့်တိုင် သူကတော့ ဘောလ်ပင်တစ်ချောင်း၊ စက္ကူဖြူတစ်လိပ်ဖြင့် ရေးခြစ်မှော်ဝင်နေရသည်ကို ပျော်သည်။ ပြင်လိုက်ဖျက်လိုက် တွေးလိုက် ငေးလိုက်...။
မဇ္ဈိမပညာသင်ခရီးမသွားမီမှာတော့ ရွှေပြည်ကြီး၏ သောင်းဂဏန်းမျှသာ ရှိသော အီးမေးလ်အကောင့်ပိုင်ဆိုင်သူများတွင် သူအပါဝင်ဖြစ်စေရန် ထေရ၀ါဒတက္ကသိုလ်အင်တာနက်ခန်းမသို့ ခေါ်ဆောင်ကာ
ရှင်အာစာရနှင့် ဘိက္ခုဥာဏိန္ဒတို့က ဖန်တီးပေးလိုက်ကြသည်။
ပထမဆုံး အင်တာနက်သုံးနည်းသင်သည့်နေ့က ကဗျာဆရာတစ်ယောက်ပြောသည့်
ကမ္ဘာဦးလူက မီးကို တွေ့ရှိသလိုမျိုး အံ့သြ၀မ်းသာကြီးဖြစ်နေသည်။
“ဟိုင်း ”
“ဟိုင်း”
နောက်တစ်ခုက မိုဘိုင်းလ်ဖုန်းဖြစ်သည်။ ဆင်းကဒ်တစ်ခု ဒေါ်လာငါးထောင်ခန့် ဈေးပေါက်ခြင်းသည်ပင် မိုဘိုင်းလ်ဖုန်း၏ ၀ိသေသလက္ခဏာ ဟု အယူဒိဋ္ဌိတစ်မျိုးဖြစ်ပေါ်လာသည်အထိ ရွှေပြည်ကြီးအစိုးရက ၀ါဒဖြန့်ချီနိုင်ပေသည်။ သို့အတွက် မိုဘိုင်းဖုန်းခါးချိတ်ထားသော ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်သော ပုဂ္ဂိုလ်မှန်သမျှသည် ထူးသော အံ့သော ဖြစ်ရပေ၏။ ဘုန်းတန်ခိုးကြီးမားသော ဆရာအရှင်တို့သည်လည်း မိုးဘိုင်းမြင်သာအောင် လိုလို မလိုလို “ ဟလို ဟလို “ ဟု လူစုစုရှိက လက်ကမချရှိကြပေတော့၏။
ထို့နောက် မဇ္ဈိမပညာသင်ခရီးစသည်။
ဗာရာဏသီမြန်မာကျောင်းရှိ ဆွမ်းစားစာပွဲပေါ်တွင် အမှတ်မထင် ပစ်တင်ထားသော ပညာသင်ရဟန်းတို့၏ မိုဘိုင်းလ်ဖုန်းများစွာကို မြင်ရသည့်အခါ ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းနှင့် ဆင်းကဒ်ဈေးကွက်မှ လာခဲ့သည့် သူ အထိတ်တလန့်ဖြစ်သွားသည်။
ဗာရာဏသီညနေခင်းများတွင် သူ့လက်ထဲမှာ ရှိသော ဘုတ်အုပ်များထက် အသက်ဝင်၍ အပြောကျယ်သောအင်တာနက်ကမ္ဘာကို သူ တူးဖော်မိသွားသည်။ အင်တာနက်သုံးဖက်မိတ်ဆွေကတော့ ယနေ့ရှင်သစ္စာဖြစ်သည်။ တစ်နာရီ ၁၅ ရူပီးပေးရသော အင်တာနက်ကဖေးလေးဆီ ညနေတိုင်းသွားကြသည်။
တစ်နေ့လျင် ရူပီး ၃၀ ဖိုးသာ သုံးနိုင်သည်။ ၀က်ဘ်ဆိုဒ်များ ကလစ်ရင်း ကိုယ်ပိုင်အခမဲ့ဘလော့လေးဖွင့်နိုင်သည်ကို သိလာသည့်အခါ မည်သည့်အယ်ဒီတာဆီမှ မပို့လိုခဲ့သော စာတိုပေစများသည် အင်တာနက်စာမျက်နှာများပေါ် တဖျောက်ဖျောက်မြည်လာလေတော့သည်။
မြန်နှုန်းမြင့်ခေတ်ကြီးနှင့် လျော်စွာ ပေါ်ထွန်းလာသည့် နည်းပညာလှိုင်းကို စီးကာ ဓမ္မခရီးကို ဆက်ရပါဦးမည်..။ မည်သည့်အရာကိုပဲ လိုလို အင်တာနက်တံခါးက ကြိုဆိုနေသည်။
ကလစ်လေးတစ်ချက်ဖြင့် ကမ္ဘာကြီးကို ဖွင့်မိလျက်သားဖြစ်နေမည်။
သို့သော် ဗုဒ္ဓအရှင်က အမျိုးသမီးပျောက်ရှာပုံတော်ဖွင့်နေသည့် ဘဒ္ဒ၀ဂ္ဂီမင်းသားများကို မေးသည့်မေးခွန်းကတော့ အချက်ပြဥသြဆွဲသံဖြစ်ချိမ့်မည်..။
“သင်တို့ကိုယ်သင်တို့ ရှာဖွေသည်က မမြတ်သလော...”
မည်သို့ဆိုစေ
ဆက်ဖီလေးတစ်ပုံလောက်တော့ ရိုက်ချင်နေသေးသည်။
ဓမ္မဂင်္ဂါ
(၅-၃-၂၀၁၆)
-----------------------
လွန်ခဲ့သော နှစ်က ရေးလက်စ ယနေ့အပြီးသတ်သည်.။
Credit to Original
Saturday, March 5, 2016
မိန်းကလေးများရဲ့ စကားဝှက်များ
မိန်းကလေးများရဲ့ စကားဝှက်များ
====================
ချစ်သူရှိတဲ့သူလား၊မရှိသေးတဲသူလား၊ဘာပဲဖြစ်ဖြစ် တစ်ခါတစ်လေ ကောင်မလေးတွေ ဘာပြောချင်လဲ နားလည်ရခက်
နေတတ်ပါတယ်။ တစ်ခါတစ်လေ သူတို့ပြောတဲ့ စကားရဲ့ ဆန့်ကျင်ဘက်ကို ဆိုလိုချင်သလို တစ်ခါတစ်လေကျတော့လည်း
မူရင် ဆိုလိုရင်းအတိုင်းယူရတာရှိပါတယ်။ စိတ်ညစ်တယ်လို့တော့ ဆင်ခြေမပေးနဲ့ပေါ့။ သင်ကကြိုက်မိတာကို အောက်မှာ
တော့ ကောင်မလေးတွေ ပြောလေ့ရှိတဲ့ စကားဝှက်လေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
1. ကျွန်မခေါင်းနည်းနည်းကိုက်နေလို့
ဒါကတော့ သင့်ကို အလိမ္မာသုံးပြီး ရှောင်တာပါဘဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူတို့တစ်တွေ လုပ်လိုတဲ့ ဆန္ဒမရှိဘူးဆိုရင် ဒီလို
နည်းနဲ့ ရှောင်ဖယ်လေ့ရှိပါတယ်။ ဒါကို သင်က အထာမနပ်ဘဲ ဟုတ်လား ခေါင်းကိုက်ရင် ဆေးခန်းသွားရမှာပေါ့၊ ဆေး
သောက်လေ၊ ရေချိုးတာ ကြာလို့ဖြစ်မှာပါ-စသဖြင့် ဆက်ပြောမနေပါနဲ့။ တစ်ခုတော့ ရှိပါတယ်။ သင် ဘာမှ မပြောရသေး
ဘဲ ခေါင်းကိုက်တယ်ဆိုရင်တော့ သူ တကယ်နေမကောင်းသလို ဖြစ်ချင်နေတယ်လို့ အဓိပ္ပါယ်ကောက်ပါ။
2. ချစ်သူမရှာချင်သေးပါဘူးရှင်
ဒီလိုမျိုးပြောလာရင်တော့ သင် ကံဆိုးပြီ။ အခြေအနေက သင်က သူ့ကို စပြီး ပိုးပန်းတဲ့အခြေအနေမျိုးမှာ ဒီလို စကားမျိုး
ပြောလာရင်တော့ သင် ငှက်ပျောခင်းစိုက်ဖို့ မြေ၀ယ်ထားပေတော့ 😛 ။ ဒီလို ပြောခြင်းဟာ သင့်ကို စိတ်မ၀င်စားဘူးလို့
အလိမ္မာသုံးပြီး ပြောတာပဲ။ ဒါမှမဟုတ် သူမမှာ တစ်ခြား စိတ်ဝင်စားစရာ ယောက်ျားရှိတယ်လို့ ၀န်ခံတယ်ပဲ မှတ်လိုက်ပါ။
3. ရှင့်ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ မှတ်ယူပါတယ်။
ဒါလည်း ကိုယ့်လူ နာပြီ။ ဘယ်သူနေနေ ဒီစကားမျိုး ပြောခံရပြီဆို ကြက်နာကြီး လည်လိမ်လိုက်သလို ငိုက်ကြသွားတာ
များပါတယ်။ ဒါပေမယ့် နံပတ်(2)လိုတော့ ကံ အဆိုးကြီးမဟုတ်သေးပါဘူး။ သင် ချဉ်းကပ်တာ ပညာပါရင် ပါသလို
ကောင်မလေးက သင့်ဘက်ကို ညွှတ်ယိမ်းလာနိုင်ပါတယ်။ အားမလျှော့ပါနဲ့။
4. ညည်းငွေ့လှပါပြီ။
ဒါကတော့ ဘာပဲဖြစ်ဖြစ် သူတို့ စိတ်ကုန်တာကို ဖော်ကျူးတာပါ။ သင်နဲ့ အချစ်ရေးကို စိတ်ကုန်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် လက်ရှိ သင်နဲ့သူရဲ့ ဆက်ဆံရေး ဒီထက်ပိုပြီး မတိုးတက်တာကိုလည်း ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ ဒါက အခြေ
အနေပေါ်မူတည်ပြီး ကောက်ချက်ချရတာပါ။ သင်နဲ့ သူ ပြဿနာဖြစ်ရင် ဒါက လမ်းခွဲချင်ပြီလို့ ပြောတာလည်း ဖြစ်နိုင်သ
လို၊ သင့်က အေးတိအေးစက်နိုင်လို့ သင့်ကို ယူပါတော့လို့ တိုက်တွန်းတာလည်း ဖြစ်နိုင်ပါတယ်။
5. ရှင့်မိဘတွေနဲ့ ဘယ်တော့တွေ့ပေးမှာလဲ
ဒီစကားပြောရင်တော့ သင် သူ့ကို မိဘဆီ ခေါ်သွားရပါမယ်။ ဒီလိုမျိုးကျတော့ ကိုယ့်လူက အူတူတူ အတတ လုပ်မနေပါနဲ့။
ဆွမ်းတော်ပွဲဆိုတာ လက်ဦးတဲ့ ကျောင်းသားနောက် ပါတတ်ပါတယ်။ သင့် ဆွမ်းတော်ပွဲကို ဘယ်သူမှ အကောက်မခံပါနဲ့။
အင်း မိန်းမနဲ့ ဆွမ်းတော်ပွဲ ခိုင်းနှိုင်းရတာ ငရဲများ ကြီးနေမလားမသိ။ ဒါဆို သင့် ခြင်းထဲက ကြက်ကို သူများ ဟင်းအိုးမှာ
မမြင်ရပါစေနဲ့။ အဲဒီလို သူမကို အိမ်ကို ခေါ်သွားပြီး တစ်လက်စတည်း ခန်းဝင်ပစ္စည်းရောင်းတဲ့ဆီကို သွားပါ။ သင်တို့နှစ်
ယောက် စိတ်ကြိုက်ရွေးလို့ ရပါပြီ-လို့။
“ ဒီလိုအချစ်ရေးနဲ့ပက်သက်တဲ့ဆောင်းပါးများစွာကို
http://www.shwemom.com/category/loverelationship/ မှာဖတ်နို
Direct Download: http://myapp.com.mm/appstore/meet/
Google Playstore Download: https://play.google.com/store/apps/details…
or visit the Website http://meet.com.mm
Love U Mom & Dad
သြော်. . .
အဖေနဲ့အမေ တွေရဲ့ကျေးဇူးကလဲမနည်းပါ့လား
သိပါတယ်သိပါတယ်ဗျာ
ကိုယ်ရည်သွေးမပြကြပါနဲ့
ကဗျာတွေ စာတွေစပ်ပြီး ကိုယ်ရည်သွေးလိုက်ပါဦး။
နေရင်းထိုင်ရင်းကို မွေးလာတာနဲ့ အကြွေးကပိနေပြီ
လည်မျို တင်မဟုတ်ဘူး။ ဆပ်လို့ကိုမကုန်တာ။
မကုန်အတူတူ ဘာလို့ဆပ်ခိုင်းနေလဲ
တစ်ဖက်သက်မလုပ်ကြပါနဲ့ဗျာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
သားသမီးကလဲ မိဘကိုရွေးချယ်ခွင့်မရှိသလို
မိဘကလဲ သားသီးကိုရွေးချယ်ခွင့်မရှိပါဘူး
ဘူဘူချင်းတစ်မလုပ်ပါနဲ့
မွေးလာမှတော့ကျွေးရတော့မှာပေါ့
ဖြစ်သင့်တဲ့ကိစ္စပဲ
ဒါကိုပဲ အမွှမ်းတင်လို့ကိုမဆုံးဘူး။
မိဘကျေးဇူးကြီးမားပုံတွေနားနဲ့မဆံ့အောင်ကြားနေရတော့
ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားလာရတယ်။
တော်ကြပါတော့ဗျာ တော်ကြပါတော့
မိဘကလဲချစ်လို့ဝတ္တရားရှိလို့ ဖြစ်သင့်လို့
ကျွေးမွေးစောင့်ရှောက်ကြတယ်
အင်း. .သားသမီးကလဲချစ်လို့ဝတ္တရားရှိလို့
ကျွေးမွေးစောင့်ရှောက်ကြတယ်။
အတူတူပဲလေ ဘာလို့ကျေးဇူးဆိုတဲ့စကားနဲ့ သားသမီးတွေကိုဖိထားချင်ရတာလဲ။
သားသမီးကို ခိုင်းစား စွန့်ပစ် ဖျက်ချ ထောင်ချ ကြတဲ့မိဘတွေလဲ တစ်ပုံကြီးဖြစ်သလို
မိဘကို ပြန်မကြည့်တဲ့သားသမီးတွေလဲတစ်ပုံကြီးပါပဲဗျာ။
ဒါပေမယ့် မိဘတွေရဲ့ ယုတ်မာမှုကတော့ ကဗျာတွေစာတွေနဲ့ဖုန်းအုပ်ထားပေမယ့်
သားသမီးတွေရဲ့ ကျေးဇူးမသိတတ်မှုကိုတော့
ကဗျာတွေစာတွေနဲ့ ကြမ်းပိုးကို လိပ်ဖြစ်စေခဲ့တယ်။
ဆေးရုံမှာသွားကြည့်ပါ။ တွေ့ပါလိမ့်မယ်။
ကလေးတွေလူ့ဘဝကို အသက်ရှင်လျှက်တောင်ရောက်မလာတာတွေက ကြီးမားလှတဲ့ဆပ်လို့မကုန်တဲ့မိဘတွေရဲ့မေတ္တတော်တွေကြောင့်လား။
မိဘမဲ့ဂေဟာတွေက ကလေးတွေကရော ချစ်လွန်းလို့ စွန့်ပစ်ခဲ့တာတွေလား။ မုန်းလို့မဟုတ်မှန်းသိပါတယ် ဒါပေမယ့် ဘယ်လိုကိစ္စမျိုးကို အနန္တမေတ္တာတော်ကြီးက မကျော်လွှားနိုင်ပဲ ဒီလိုဆုံးဖြတ်ချက်တွေချနိုင်ရတာလဲဗျာ။
ရှိသေးတယ်၊ မိဘစကားနားထောင်ရမယ်တဲ့။
အထူးသဖြင့် ကျနော်တို့ဗမာလူမျိုးတွေ အဆိုးဆုံးပါ။
ပြောသေးတယ်
ဘယ်မိဘကမှသားသမီးကို မကောင်းတာမပြောဘူး။ မကောင်းအောင်မလုပ်ဘူး။ ကောင်းစေချင်ကြတာကြီးပဲ။
ဟုတ်ပါတယ် ကောင်းစေချင်ကြတာမှန်ပါတယ်။
ဒါပေမယ့်
ကောင်းစေချင်လို့ပြောတဲ့ စကားတိုင်းအမှန်လား။
ကောင်းစေချင်လို့လုပ်ခိုင်းတိုင်းအမှန်လား။
ကောင်းစေချင်တာနဲ့ မှန်ကန်တာမတူပါဘူးဗျာ။
ကောင်းစေချင်လို့ပြောတိုင်း မမှန်ပါဘူး။ ဒါကိုဖြေတဲ့စကားကရှိသေးတယ် စေတနာအမှားတဲ့။
ဘယ်လိုမှားမှား အမှားကအမှားပါပဲဗျာ။
မိဘတွေနားလည်ပေးပါ။
ငါမိဘ ဆိုတဲ့ အတ္တလေးဖြုတ်ပြီးနည်းလည်ပေးပါ။
ကောင်းစေချင်လို့ပြောတာနားထောင်တယ်။ မှားတယ်ထင်ရင် ဝေဖန်ထောက်ပြမယ်။
ဒါကို မိဘကိုပြန်ပြောတယ်လို့ခေါ်သလား။
အတ္တလေးဖြုတ်ထားပေးပါဗျာ။
ငါပြောတာနားထောင် ငါခိုင်းတာပဲလုပ်ဆိုတာတော့လုံးဝကိုမဖြစ်သင့်ပါဘူး။ ပြောချင်တာက မိဘများ သားသမီးကို အမိန့်မပေးပါနဲ့ အကြံပေးပါ။
မှန်ကန်တဲ့လမ်းကိုညွှန်ပြပေးပါ။ ဝေဖန်တာကိုလက်ခံပါ။ ကိုယ့်အကြံမှားရင်လဲ မှားကြောင်းဝန်ခံပါ လက်ခံပါ ပြင်ပါ။ အတ္တကိုဖယ်ထားပါ။ ဘယ်သားသမီးမှမိဘကိုမမုန်းပါ။ သားသမီးမုန်းအောင် မိဘများကသာပြုလုပ်တာပါ။
ပြောရင်တော့ကုန်မှာမဟုတ်ဘူး ပြောရင်းပွားနေမှာပဲ။ လိုရင်းလေးပျောက်သွားမှာစိုးလို့ စာကိုတော်ဦးမယ်ဗျို့။
(ကျနော်အဓိကပြောချင်တာက မိဘများအတ္တလေးဖယ်ရှားပေးပါခင်ဗျာ။)
Share, If u have same feeling.
#သားသမီးတစ်ဦး
#ဝေလင်းစိုး'